AIအသုံးပြု၍ ICJ​ရောက် မြန်မာ့ကိုယ်စားလှယ်အဖွဲ့အား ​အောက်တန်းကျစွာတိုက်ခိုက်

▪️နည်းပညာကို အလွဲသုံးစားလုပ်၍ ပုံရိပ်ဖျက်ဆီးခြင်း- ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့အပေါ် တိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း

နိုင်ငံတကာမျက်နှာစာတွင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အပေါ် အချို့သော ပြည်ပသတင်းဌာနများနှင့် အဖွဲ့အစည်းများသည် AI (Artificial Intelligence) နည်းပညာကို အသုံးပြုကာ ပုံရိပ်ဖျက်ဆီးရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ ရုပ်ပိုင်းဆိုင်ရာ အမူအရာများကို လိုရာဆွဲ ပုံဖော်ထားသည့် ဓာတ်ပုံအတုများနှင့် ဝါဒဖြန့်မှုများသည် ကျင့်ဝတ်မဲ့သော လုပ်ရပ်များသာ ဖြစ်သည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ လူထုအနေဖြင့် အောက်ပါ သိပ္ပံနည်းကျအချက်များနှင့် အမှန်တရားများကို သိရှိထားရန် လိုအပ်ပါသည်။
၁။ လူသားတို့၏ သဘာဝဖြစ်စဉ်ကို နားမလည်ခြင်း (သို့မဟုတ်) တမင်မျက်ကွယ်ပြုခြင်း-
လူသားတစ်ဦးသည် တစ်ချိန်လုံး မျက်လုံးပြူး၍ ကြည့်မနေနိုင်ပါ။ လူ့ဦးနှောက်၏ ထိန်းချုပ်မှုအရ ပုံမှန်လူတစ်ယောက်သည် တစ်မိနစ်လျှင် အနည်းဆုံး (၁၆) ကြိမ်မှ (၂၀) ကြိမ်အထိ မျက်တောင်ခတ်ရစမြဲ ဖြစ်သည်။ အလွန်တိုတောင်းသော အချိန်အတွင်း ဖြစ်ပေါ်သည့် မျက်တောင်ခတ်သည့် ခဏတာကို ကင်မရာဖြင့် ဖမ်းယူကာ "အိပ်ငိုက်နေသည်" သို့မဟုတ် "အာရုံမစိုက်ပါ" ဟု စွပ်စွဲခြင်းသည် အခြေအမြစ်မရှိသော တိုက်ခိုက်မှုသာ ဖြစ်သည်။
၂။ ဥပဒေပညာရှင်တို့၏ အာရုံစူးစိုက်မှု ပုံစံ-
ဥပဒေရေးရာ ကြားနာမှုများတွင် ရှုပ်ထွေးသော အချက်အလက်များကို နားထောင်ရာ၌ အာရုံစူးစိုက်မှု (Concentration) မြှင့်တင်ရန်အတွက် ဥပဒေသမားအများစုသည် မျက်လုံးမှိတ်၍ နားထောင်လေ့ရှိကြသည်။ ဤသည်မှာ တရားဓမ္မဟောကြားသော ဆရာတော်အချို့ မျက်မှိတ်၍ ဟောကြားခြင်းကဲ့သို့ပင် အချက်အလက်အပေါ် အာရုံစူးစိုက်မှု အမြင့်ဆုံးရရှိရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ၎င်းကို အဆိုးမြင်ဘက်မှ ပုံဖော်ခြင်းသည် ပညာသားမပါသော လုပ်ရပ်ဖြစ်သည်။
၃။ နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်နိုင်သော အခြေအနေ-
ကင်မရာဖလက်ရှ်မီး သို့မဟုတ် ရိုက်ချက်စက္ကန့်ပိုင်း အလိုအလျောက် ရိုက်ကူးမှုများကြောင့် မျက်စိမှိတ်နေသည့်ပုံများ ထွက်ပေါ်လာခြင်းသည် မြန်မာကိုယ်စားလှယ်အဖွဲ့တွင်တင် မဟုတ်ဘဲ တစ်ဖက်ရှိ ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့ဝင်များတွင်လည်း ရှိနေသည်ကို တွေ့ရသည်။ သို့သော် ဝါဒဖြန့် မီဒီယာများသည် မြန်မာအဖွဲ့ကိုသာ ရွေးချယ်တိုက်ခိုက်နေခြင်းမှာ သိသာထင်ရှားသော ဘက်လိုက်မှုဖြစ်သည်။
၄။ AI နည်းပညာဖြင့် ပုံဖျက်ခြင်း (Media Malpractice)-
ယနေ့ခေတ်တွင် AI နည်းပညာကို အသုံးပြု၍ ဓာတ်ပုံတစ်ပုံကို ကိုယ်လိုချင်သော ပုံစံဖြစ်အောင် အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့၏ Image (ပုံရိပ်) ကို ကျဆင်းစေရန် ယုတ်မာသော ရည်ရွယ်ချက်ဖြင့် AI သုံး၍ ပုံဖျက်တိုက်ခိုက်ခြင်းသည် မီဒီယာကျင့်ဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်သည်။
 "နည်းပညာကို လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် အသုံးမချသင့်ပါ။ အမှန်တရားကို အခြေခံခြင်းမရှိသော တိုက်ခိုက်မှုများသည် ရေရှည်တွင် ခိုင်မာမှုရှိမည်မဟုတ်ပေ။"
အချုပ်အနေဖြင့်
မိမိတို့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာစင်မြင့်တွင် အခက်အခဲများစွာကြားမှ ရုန်းကန်နေရချိန်တွင် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် အဆိုပါ AI သုံး ပုံတုများနှင့် ဝါဒဖြန့် သတင်းမှားများကို သတိပြုဆင်ခြင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#MKMgMoe2026

Post a Comment

Previous Post Next Post