နေပြည်တော်၊ဖေဖော်ဝါရီ ၂
နစကဥက္ကဋ္ဌအနေနဲ့ ရည်မှန်းချက် ၃ခုရှိပြီး အဲ့ဒီရည်မှန်းချက်တွေကို အခု ၂၀၂၂ ခုနှစ်ထဲမှာ တတ်နိုင်သမျှဆွဲတင်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဒီ၂၀၂၂ဟာ စိန်ခေါ်တဲ့နှစ်တစ်နှစ်လည်း ဖြစ်လာနေပြီး ဒီနှစ်ထဲမှာပဲ တိုင်းပြည်စီးပွားရေးကို ရအောင်ဆွဲ တင်ဖို့ကြိုးစားမယ်လို့ နစကဥက္ကဋ္ဌက၂၀၂၂ ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ပထမဆုံး အစည်းအဝေးတွင် ပြောကြားထားပါတယ်။
“ ဒီစီးပွားရေးကိုပြန်ပြီးတော့ မတ်လာအောင်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အပေါ်မှာ ပြည်သူက ယုံကြည်မှုရှိလာမှာပါ”လို့ ပြောပါတယ်။
နစကဥက္ကဋ္ဌရဲ့ ရည်မှန်းချက် ၃ ခုက (၁) တိုင်းပြည်စီး ပွားရေးကို ရအောင်ဆွဲတင်တာ၊(၂) ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေကို ရတဲ့ လမ်းကြောင်းတွေကနေ အကုန်လုပ်ဆောင်တာ၊(၃)အမျိုးသားစစ်မှုထမ်းဥပဒေကို ကျင့်သုံးတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
“တစ်အချက်ကတော့ တိုင်းပြည်စီးပွားရေးကို ကျွန်တော် ရအောင်ဆွဲ တင်မယ်ပြောထားတယ်။ ပြီးခဲ့တဲ့နှစ်အတွေ့အကြုံအရ ကျွန်တော်တို့ မလုပ်နိုင်စရာ အကြောင်းမရှိဘူး။ ၂၀၂၂ ခုနှစ်မှာ စီးပွားရေးအားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင် လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းတွေမှာ ကျွန်တော်တို့ အကုန်လုပ်မှာ”လို့ နစကဥက္ကဋ္ဌကပြောပါတယ်။
ရည်မှန်းချက် ၃ခုထဲက နံပါတ်(၁)ဖြစ်တဲ့ စီးပွားရေး၊နံပါတ်(၂)ဖြစ်တဲ့ နိုင်ငံရေး ဒီနှစ်ခု အားကောင်းလာပြီဆိုတာနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကိုနောင်မှာ သွားရမယ်လို့လည်း နစကဥက္ကဋ္ဌကပြောပါတယ်။
“ ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်းဥပဒေ မကျင့်သုံး ရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်း ဥပဒေ ကျွန်တော်တို့မကျင့်သုံးရတာ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရှိလို့ ကျွန်တော်တို့လုပ်လို့မရဘူး။ ခုနကပြောတဲ့ တစ်ရယ်၊ နှစ်ရယ် ကျွန်တော်တို့က ကောင်းကောင်းထိန်းနိုင်ပြီ၊ လုပ်နိုင်ပြီဆိုရင်လက်ထဲမှာပိုင်ပိုင် နိုင်နိုင်ရှိပြီဆိုလို့ရှိရင် တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကို ရအောင် ကျွန်တော်တို့က မြှင့်တင်ရမယ်။ အဲ့ဒီမှာ အမျိုးသားစစ်မှုထမ်းဥပဒေအရ နိုင်ငံသား တွေစစ်မှုထမ်းရမယ်”လို့ ပြောပါတယ်။
စစ်မှုထမ်းတာမှာ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်၊ သတ်မှတ်ထားတဲ့ဟာအတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး တစ်နှစ်သို့တည်းမဟုတ် တစ်နှစ်ခွဲလည်းဖြစ်ရင် ဖြစ်လာနိုင်တယ်လို့ ပြောကြားချက်တွေအရသိရပါတယ်။
“အခြေအနေပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့အခြေအနေပေါ် မူတည်ပြီးတော့လုပ်ရမှာပေါ့။ ဒါကလုပ်ရမှာ၊ မလုပ်လို့မရဘူး။ ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေးအား မကောင်းလည်း ပိုက်ဆံမရှိတော့ မျက်နှာငယ် ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” လို့ နစကဥက္ကဋ္ဌကပြောကြားပါတယ်။
Post a Comment