ထိုင်းနိုင်ငံကို အထောက်အထားမရှိဘဲ သွားလို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃ ရက်အတွင်းမှာ ၅၀၀၀ ကျော်ရှိ

ထိုင်းနိုင်ငံကို အထောက်အထားမရှိဘဲ သွားလို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃ ရက်အတွင်းမှာ ၅၀၀၀ ကျော်ရှိ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို အထောက်အထားမရှိဘဲ သွားရောက်ကြလို အဖမ်းခံရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဟာ အခုဆိုရင် ၁၃ ရက်အတွင်းမှာ လူပေါင်း ၅၀၀၀ ကျော်သွားပါပြီ။

ဒီလိုမျိုး အရေအတွက်များများ ဖမ်းမိနေတာဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် နောက်ပိုင်းမှာတော့ စံချိန်အမြင့်ဆုံး ဖြစ်တယ်လို မြန်မာနိုင်ငံသား များ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို သွားရောက်လေ့ရှိပါတယ်။အိမ်နီးချင်းနိုင်ငံ ဖြစ်တာကတစ်ကြောင်း၊မြန်မာနိုင်ငံမှာထက် လုပ်ခ လစာ ပိုရတာကတစ်ကြောင်းဖြစ်လို့ မိသားစုကို ထောက်ပံ့ဖိုဆိုတဲ့စိတ်နဲ့ ထိုင်းမှာ အလုပ်သွားလုပ်ကြတာလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် သွားတဲ့သူတွေက ပိုများတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လိုက်ပါဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

ထိုင်းမြန်မာ နယ်စပ် အပေါက်တွေဖြစ်တဲ့ ကန်ချနဘူရီ၊ ပကျွတ်ခီရီကန်၊ ချင်းရိုင်၊ ချွန်ဖုံမ်၊ ရနောင်း စတဲ့နေရာတွေကနေ တရားမဝင် ခိုးဝင်ကြတာ အများဆုံးဖြစ်ပြီး ဒီလို ခိုးဝင်လာကြသူတွေအနေနဲ့ ပွဲစားကို အခကြေးငွေပေးပြီးမှ လာကြရတာပါ။ဒါကြောင့် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဆုံးရှုးမှုတွေ ကြီးတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းအစိုးရက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး ဥပဒေဟာ အမြင့်ဆုံးပြစ်ဒဏ်ကို ထောင်ဒဏ် ၁၀ နှစ် ၊ လက်ခံသူကို  ၅ နှစ် လို သတ်မှတ်ထားတာကြောင့်အဖမ်းခံရတဲ့ အထောက်အထားမဲ့တရားမဝင် လာရောက်သူတွေအနေနဲ့  ဒီပြစ်ဒဏ်ကို ခံကြရမှာပါ။

ဒါပေမဲ့ ဖမ်းခံရတဲ့ အရေအတွက်က များနေတာကြောင့် အကျဉ်းထောင်တွေမှာတောင် လူမဆန့်တော့တာကြောင့် ထောင်ဒဏ် ၁ နှစ်ပဲ  ချမှတ်ထားပါတယ်။ ထောင်ဒဏ် ၃ လ လောက်ပဲ ချမှတ်ခံရသူတွေအတွက်ဆိုရင် အလုပ်သမား သံအရာရှိနဲ့ဆက်သွယ်ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်နဲ့ ပြန်လွှတ်ပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကန်ချနဘူရီ၊ ရနောင်း၊ တာ့ခ်ခရိုင် မဲဆောက်၊ ပရာကျွတ်ခီရီကန်၊ ချင်းရိုင် အပါအဝင် ခရိုင် ၁၀ ခု ကို ထိုင်းအာဏာပိုင်တွေက အထူးကြပ်မတ် ထားတဲ့အပြင်  လေကြောင်း ၊  ကုန်းကြောင်း တွေမှာလည်း  လုံခြုံရေး ကို တင်းကျပ် ထားတယ်လို သိရပါတယ်။

Post a Comment

Previous Post Next Post