မြန်မာပြည်သူများအတွက် ဥရောပသမဂ္ဂက ထောက်ပံ့ငွေထပ်တိုး

မြန်မာပြည်သူများအတွက် ဥရောပသမဂ္ဂက ထောက်ပံ့ငွေထပ်တိုး

လတ်တလော ရက်သတ္တပတ်များအတွင်း ပိုမိုအရှိန်အဟုန်ပြင်းထန်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသော ပြည်သူလူထုအတွက် အရေးပါလှသော ထောက်ပံ့ကူညီမှုများ ပေးအပ်ရန်ရည်ရွယ်၍ လူသားချင်းစာနာထောက်ထားမှုအကူအညီရန်ပုံငွေ ယူရို ၃၀၀,၀၀၀ (မြန်မာကျပ်ငွေ သန်း ၆၀၀ ကျော်)  ခွဲဝေချမှတ်လိုက်ကြောင်း ဥရောပသမဂ္ဂက နိုဝင်ဘာ၂၂ရက်တွင်ကြေညာသည်။

 ဤဥရောပသမဂ္ဂ ရန်ပုံငွေကို ဥရောပအရပ်ဘက်ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ဥရောပကောင်စီ(ECHO) ၏ အသေးစားတုံ့ပြန်ဆောင်ရွက်မှုရန်ပုံငွေမှတစ်ဆင့် ပေးအပ်ခြင်း ဖြစ်သည်။

ထပ်တိုးအကူအညီက ပဋိပက္ခဘေးဒုက္ခများကို အဆိုးရွားဆုံး ထိခိုက်ခံစားနေရသော ပြည်နယ်အချို့ရှိ လူဦးရေပေါင်း ၁၅,၀၀၀ ကျော်အတွက်  အထောက်အကူဖြစ်စေမည်ဟုဆိုကာ မြန်မာနိုင်ငံရှိ ပဋိပက္ခများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဤနှစ်အစောပိုင်းတွင် ခွဲဝေချထားပေးခဲ့သော ယူရို ၂၄ သန်းအပြင် ဤရန်ပုံငွေကို ထပ်ဆောင်းချထားပေးခြင်းဖြစ်ကြောင်းလည်း ရှင်းပြထားသည်။

မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပရိုဂရမ်များကို စီမံကြီးကြပ်သူ လုခ်ဗာနာက “ပိုပြီးအရှိန်အဟုန် ပြင်းထန်လာတဲ့ စစ်ပွဲတွေဟာ ဟိုးယခင်ကတည်းက ဆိုးရွားလွန်းနေတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို ပိုပြီးဆိုးရွားစေတာကြောင့် မပြီးပြတ်သေးတဲ့ ပြည်တွင်းပဋိပက္ခဒဏ်တွေကို ကာလရှည်ကြာ ထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုအတွက် တစ်ပူပေါ် နှစ်ပူဆင့်စေပါတယ်” ဟု ဆိုပါသည်။ “ကျွန်တော်တို့ရဲ့ ထပ်ဆောင်းကူညီထောက်ပံ့မှုဟာ မြေပြင်ပေါ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အကူအညီအလိုအပ်ဆုံးသူတွေရဲ့ အလိုအပ်ဆုံးအရာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ဥရောပသမဂ္ဂ၏ ရန်ပုံငွေသည် နေရပ်စွန့်ခွာသူများအားကူညီမည့်အပြင် ကိုဗစ် - ၁၉ ရောဂါပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သော ဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်သွားမည်ကာ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကလေးငယ်များနှင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများအတွက် အထူးအလေးပေး ကူညီထောက်ပံ့သွားမည် ဖြစ်သည်။

Post a Comment

Previous Post Next Post