၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်ပါ ၁၆ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်ပါ ၁၆ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲ

ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်း အသစ်ဖွဲ့စည်းလိုက်သည့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး သမ္မတဦးဝင်းမြင့်ပါ ၁၆ဦးကို တရားရုံးများတွင် တရားစွဲဆိုအရေးယူဆောင်ရွက်နေကြောင်း နိုဝင်ဘာ ၁၅ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်ထဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင်ပါရှိသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ကျူးလွန် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြသည်ဟူသော စွပ်စွဲချက်ဖြင့်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်းများဖြစ်ကြသော ဦးမြင့်နိုင် နှင့် ဦးသန်းဌေး၊ ဒေါက်တာဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း)နှင့် ဒေါက်တာမျိုးအောင် (နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း)ပါ ၁၆ ဦးတို့ကို တရားစွဲလိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန် ပေးအပ်ရာတွင် တည်ဆဲဥပဒေများ၌ ပါရှိသော ပြဋ္ဌာန်းချက်များကို လျော်ကန်သင့်မြတ်သော ခွင့်ပြုချက်မရှိဘဲ မရိုးမဖြောင့်သောသဘောဖြင့် ဆန့်ကျင်ခြင်းပြစ်မှုကို ကျူးလွန်ခြင်း၊ ယင်းပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်း၊ တပ်မဲရုံများကိစ္စနှင့်ပတ်သက်၍ သက်ဆိုင် ရာကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူက တည်ဆဲဥပဒေနှင့်အညီ အလုပ်ဝတ္တရား ဆောင်ရွက်နေ သည်ကို မိမိအလိုအလျောက် ဟန့်တားမှုကို ကျူးလွန်ခြင်းနှင့် နှစ်နာစေရန် ခြိမ်းခြောက် ပြောဆိုခြင်း၊ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်မဲပေးခြင်း ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူအား နှစ်နာစေရန် ခြိမ်းခြောက်ပြောဆိုခြင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲပေး ပိုင်ခွင့်မရှိသူများကို မဲစာရင်းတွင် ထည့်သွင်းပေးရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအား ဖိအားပေး ထောက်ခံလက်မှတ်ရေးထိုးစေခဲ့ခြင်းဖြင့် ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးမှုကို ကျူးလွန်ခြင်း၊ NLD ပါတီ အနိုင်ရရှိရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ရွေးကောက်ပွဲမကျင်းပမီ တစ်ရက် အလိုဖြစ်သည့် ၇ - ၁၁ - ၂၀၂၀ ရက်နေ့ အထိ မဲစာရင်းတွင် အမည်များ ထည့်သွင်းရန်မရိုးမဖြောင့်သည့် သဘောဖြင့် စေခိုင်းခဲ့ခြင်းဖြင့် ရွေးကောက်ပွဲ၌ မလျော် ဩဇာသုံးမှုကို ကျူးလွန်ခြင်း စသည့်ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသဖြင့် တည်ဆဲ ဥပဒေများနှင့်အညီ သက်ဆိုင်ရာ တရားရုံးများတွင် ၁၅ - ၁၁ - ၂၀၂၁ ရက်နေ့မှစ၍ တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိပါသည်ဟု သတင်းထုတ်ပြန်ချက်ထဲဖော်ပြထားသည်ကိုတွေ့ရသည်။

ယင်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခဲ့ရခြင်းအပေါ် တည်ဆဲဥပဒေများ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများချိုးဖောက်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်စေရန် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှု ကျူးလွန်ခဲ့ကြသူများနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းလည်း  အသိပေးကြေညာအပ်ပါသည်ဟု ဖော်ပြထားကြောင်းတွေ့ရသည်။

Post a Comment

Previous Post Next Post