ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား သာစည်မြို့တွင် ဖမ်းဆီးရမိ
မန္တလေးတိုင်း၊သာစည်မြို့နယ်၊တောင်ကြီး-သာစည်သွားကားလမ်း၏ ကျွဲတပ်စုံပူးပေါင်းစစ်ဆေးရေးစခန်း၌ ဇန်နဝါရီ ၃၁ ရက်ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တောင်ကြီးဘက်မှသာစည်ဘက်သို့ သီဟအောင်(၂၉)နှစ် မောင်းပြီး ခွန်တဘောက်(၂၁)နှစ် လိုက်ပါလာသည့် MITSUBISHI FUSO ၁၂ ဘီးကုန်တင်ကားအား သတင်းအရရှာဖွေရာမှဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ကားပေါ်မှ ငွေကျပ် ၁၅ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား(၁၀၂ ဒသမ ၃၇၅ သိန်း)အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ဖေဖော်ဝါရီ ၁ ရက်ညနေ ၄ နာရီခွဲတွင် အထက်ပါစိတ်ကြွဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် မနီလာဦး(၂၄)နှစ်အား ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၁၅/၆)အနီးတွင် IPSUM ကိုယ်ပိုင်ကားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ စိတ်ကြွဆေးပြားများအား ရှမ်းပြည် (တောင်ပိုင်း)မှရန်ကုန်တိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းစစ်ဆေးဖော်ထုတ်ရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ဖမ်းဆီးရမိသူ သုံးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။
Post a Comment