အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီအချို့အား စစ်ဆေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်းကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီအချို့အား စစ်ဆေးမည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်းကြား

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ( ပြည်ထောင်စုမြန်မာနိုင်ငံ )၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကိုစစ်ဆေးသွားရန်ရှိသည့်အကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဆိုပါ ပါတီများအား အသိပေးအကြောင်းကြားထားသည်ဟုသိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီများဖြစ်သော ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြေခံ လူတန်းစားဘဝမြင့်မားရေးပါတီ တို့ကိုလည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားကြောင်း သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်  နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့် အညီ စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကိုစစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာန ဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ကချင်ပြည်နယ် အခြေစိုက်ပါတီ ၅ ပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ ၂ ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် ပါတီ ၂ ပါတီ၊ တနင်္သာရီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီ၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၃ ပါတီ၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၂ ပါတီ၊ မွန်ပြည်နယ်အခြေစိုက်ပါတီ ၃ ပါတီ၊ ရခိုင်ပြည်နယ် အခြေစိုက်ပါတီ ၇ ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီ ၂၄ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ပါတီ ၁၃ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီနှင့် ပြည်ထောင်စုနယ်မြေအခြေစိုက် ပါတီ ၄ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးခဲ့ပြီး ဖြစ်သည်ဟုသိရသည်။

Post a Comment

Previous Post Next Post