အိန္ဒိယကာကွယ်ရေးဦးစီးချုပ် သေဆုံးခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုသည် ရာသီ ဥတုဆိုးရွားမှုကြောင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

အိန္ဒိယကာကွယ်ရေးဦးစီးချုပ် သေဆုံးခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုသည် ရာသီ ဥတုဆိုးရွားမှုကြောင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ။

ပြီးခဲ့သည့်လက အိန္ဒိယကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝက်အပါအဝင် လူ ၁၄ ဦးသေဆုံးခဲ့သည့် ရဟတ်ယာဉ် ပျက်ကျမှု၏ အဓိကအကြောင်းရင်းမှာ ရာသီဥတုအခြေအနေ ရုတ်တရက်ပြောင်း လဲမှုကြောင့် ရဟတ်ယာဉ်ပိုင်းလော့မှာ လမ်းပျောက်ပြီး ပျက်ကျသွားခဲ့ခြင်းဖြစ် သည်ဟု တရားဝင်စုံစမ်းစစ်ဆေးမှုတစ်ခုတွင် ဇန်နဝါရီ ၁၄ ရက်က ဖော်ပြခဲ့သည်။

အသက် ၆၃ နှစ်အရွယ် ရာဝက်သည် ၎င်း၏ဇနီးသည်နှင့် အခြားထိပ်သီးအရာရှိများနှင့်အတူ ရုရှားလုပ် Mi-17 ရဟတ် ယာဉ်ဖြင့် နိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်သို့ သွားရောက်ရာတွင် လမ်းခရီး၌ ရဟတ်ယာဉ်ပျက်ကျသွားခဲ့ပြီး ရဟတ် ယာဉ်ပေါ်လိုက်ပါလာသူ ၁၄ ဦးလုံး သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ရာတွင် စက်ချွတ်ယွင်းမှု၊ ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်ကျစေရန်လုပ်ဆောင်မှု သို့မဟုတ် ပေါ့ ဆမှုတို့ကြောင်းမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးဝန် ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

အိန္ဒိယ၏ ထိပ်သီးရဟတ်ယာဉ်ပိုင်းလော့ လေတပ်ဗိုလ်ချုပ်ကြီး မန်ဗန်ဒရာဆင်း ဦး ဆောင်သည့်အဖွဲ့သည် ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၎င်းတို့၏ ကနဦးတွေ့ရှိချက်များကို ကာကွယ်ရေးဝန်ကြီးဌာ နကို တင်ပြခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်၏ လေကြောင်းပျံသန်းမှု မှတ်တမ်းတင်ကိရိယာနှင့် လေယာဉ်မှူးအခန်းမှ အသံမှတ်တမ်းတင်ကိရိယာတို့ကို လေ့လာခဲ့ပြီး ကနဦးထွက်ရှိခဲ့သည့် သတင်းများနှင့်အတူ မျက်မြင်သက်သေများကို မေးမြန်းခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာ နက ပြောကြားခဲ့သည်။

ရဟတ်ယာဉ်သည် မျှော်လင့်မထားသည့် ရာသီဥတုအပြောင်းအလဲကြောင့် တိမ်ထုထဲသို့ ဝင်ရောက်သွားခဲ့သည်ဟု ဆိုသည်။ ယင်းအခြေအနေသည် ပိုင်းလော့ကို စိတ်ရှုတ်ထွေးစေခဲ့ပြီး လမ်းပျောက်သွားစေခဲ့ကာ ရဟတ်ယာဉ်သည် မြေပြင်နှင့်ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယတွင် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ၂၀၁၉ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရာဝက်သည် အိန္ဒိယ၏ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ကာ ဝန်ကြီး ချုပ် နရင်ဒရာမိုဒီနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။

၎င်း၏သေဆုံးမှုသတင်းကို အိန္ဒိယမီဒီယာများတွင် ဆက်တိုက်ဖော်ပြခဲ့ပြီး ၎င်းအား မီးသင်္ဂြိုဟ်မှုမပြုမီ နယူးဒေလီမြို့တော်၏ လမ်းများပေါ်တွင် ၎င်း၏ရုပ်အလောင်းထည့်ထားသည့် အခေါင်းကို နိုင်ငံအလံဖြင့်ပတ်ပြီး ရထားလုံးဖြင့် တင်ဆောင်ကာ ဂုဏ်ပြုခံခဲ့ရသည်။

ရာဝက်နှင့် ၎င်း၏ ဇနီးသည်တို့ကို အတူတ ကွမီးသင်္ဂြိုဟ်ခဲ့ပြီး သေနတ် ၁၇ ချက်ပစ် ဖောက်ကာ အလေးပြုခံခဲ့ရကာ ၎င်းတို့၏ ရုပ်အလောင်းများကို သမီးများက မီးရှို့ကာ သင်္ဂြိုဟ်ခဲ့ကြသည်။

စစ်တပ်မိသားစုအသိုင်းအဝိုင်းမှ ဆင်းသက်လာသည့် ရာဝတ်သည် ပွင့်ပွင့်လင်းလင်း စကားပြောတတ်သူဖြစ်ပြီး ၂၀၁၅ ခုနှစ်ကလည်း ရဟတ်ယာဉ်ပျက်ကျခဲ့ဖူးကာ ယင်း အချိန်က ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး အသက်ရှင်ခဲ့သည်။

ဒီဇင်ဘာ ၈ ရက်က ရာဝက်သည် တမီလ်နာဒူးပြည်နယ်ရှိ စစ်သင်တန်းကောလိပ်မှ ကျောင်းသားများကို မိန့်ခွန်းပြောကြားရန် သွားရောက်ခဲ့ချိန်တွင် ၎င်းလိုက်ပါစီးနင်းခဲ့သည့် Mi-17 ရဟတ်ယာဉ်မှာ ဆိုးရွားသည့် ရာသီဥတုအကြား ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

Crd

Post a Comment

Previous Post Next Post