NCA ဘာလဲ ဘယ်လဲ မေးရတော့မဲ့ အချိန်...


၁။မဲကိစ္စကြောင့် တပ်မတော်က အာဏာထိန်းရချိန်မှာ ဥပဒေလမ်းကြောင်းအရပဲ ဖွဲ့စည်းပုံအရပေးထားချက်ဖြစ်တဲ့ ပုဒ်မ ၄၁၇ အရ ပဲ ကျင့်သုံးခဲ့တယ် ။ ဆိုလိုတာက အလုံးစုံ အာဏာမသိမ်းတဲ့ အတွက် အာဏာခွဲဝေအုပ်ချုပ်မှုတွေမှာ အရပ်သားတွေရဲ့ လုပ်ပိုင်ခွင့်ကို ဆက်ပြီး ပေးထားတယ် ။ နယ်မြေခံ စစ်တိုင်းမှူး တွေကိုလည်း လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့ အခြေအနေရောက်မှသာ အရပ်သားဝန်ကြီးချုပ်တွေဆီကနေ အာဏာခွဲဝေအုပ်ချုပ်စေခဲ့တယ် ။ ဒါက အာဏာထိန်းခြင်းရဲ့ အခြေအနေ တပိုင်း ။ 
၂။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ လုံးဝ ပြီးပြည့်စုံတဲ့ ဥပဒေစာအုပ်ကြီး မျိုးတော့မဟုတ်ဘူး ။ ဘယ်နိုင်ငံမှလည်း ပြီးပြည့်စုံတဲ့ အခြေခံဥပဒေဆိုတာ မရှိဘူး ။ ခေတ်အားလျှော်စွာ ပြုပြင်သင့်တဲ့ အချိန်ကာလတစ်ခုရောက်ရင် ပြုပြင်ရတာက နိုင်ငံတိုင်းမှာကြုံရတဲ့ ပြသနာတစ်ခုဖြစ်တယ် ။ ဥပမာ အမေရိကန်နိုင်ငံရဲ့ အမျိုးသမီးများ မဲထည့်ခြင်းဆိုင်ရာ ဥပဒေက နှစ်ပေါင်း ၁၀၀ ကျော်မှ အဲဒီဥပဒေကို ပြင်ဆင်နိုင်ခဲ့တယ် ။ ဆိုလိုတာက အချိန်ကာလ လိုတယ်။ အခြေအနေ ပေးဖို့ လိုတယ် ။ 

၃။ ဖွဲ့စည်းပုံ စာအုပ်ရဲ့ နောက်ဆုံး ဇယား (၂)မှာရှိတဲ့ သံယဇာတနဲ့ အာဏာခွဲဝေအုပ်ချုပ်ခြင်းဆိုတဲ့ အပိုင်းကို လက်ရှိ "တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး "ဆိုပြီး တောင်းဆိုနေတဲ့ တိုင်းရင်းသား EAOs တွေက ပြည့်ပြည့်ဝဝ ရချင်တယ် ။ ပင်မ ဖွဲ့စည်းပုံက ပြည်လုံးကျွတ် ညီလာခံ တွေလုပ်ရမှာဆိုတော့ NCA လမ်းကြောင်းကနေ ညှိနှိုင်းကြတယ် ။ ဆိုတော့ NCA လို့ပြောလို့ ရှိရင် အစိုးရ ၊ လွှတ်တော်၊ တပ်မတော်နဲ့ EAOs ဆိုပြီး စုပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်နဲ့ ရှုမြင်နိုင်တယ် ။ NCA မှာ ညှိနှိုင်းလို့ရတဲ့ အချက်တွေကို လွှတ်တော်ကို တင်ပြီး ဖွဲ့စည်းပုံရဲ့ ပုဒ်မတွေမှာ ပြင်ဆင်/ညှိနှိုင်း၊ ဖြေလျော့ တာတွေ လုပ်ကြဖို့ဖြစ်တယ် ။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပုဒ်မပေါင်း ၄၀ ကျော် အတည်ပြုညှိနှိုင်း နိုင်ခဲ့ပေမဲ့ တက်လာတဲ့ NLD အစိုးရအနေနဲ့ အဲဒီ အတည်ပြုချက်ရယူထားတဲ့ ပုဒ်မတွေကိုတော့ အရင်ဆုံး အကောင်အထည် မဖော်ပေးခဲ့ဘဲ နိုင်ငံရေးမူဘောင်တွေတောင် မညှိနှိုင်းရသေးဘဲနဲ့ "၂၁ ရာစု-ပင်လုံညီလာခံ"ဆိုပြီး အဆင့်ကျော်ပြီး ကျင်းပခဲ့တာ မျိုးလုပ်ခဲ့တယ် ။


၄။ အာဏာထိန်းကာစ အခြေအနေမှာ အနောက်နိုင်ငံတွေရဲ့ Push အခြေအနေ ကြောင့် KIA နဲ့ RCSS က တိုက်ကွက်တွေ ပြန်ဖော်လာခဲ့တယ် ။ NCA ဆိုတာ အစိုးရ၊ လွှတ်တော် တို့နဲ့ ပူးပေါင်းလုပ်ထားတာ ဖြစ်တဲ့အတွက် တပ်မတော်က အာဏာထိန်းထားချိန်မျိုးမှာ ငြိမ်းချမ်းရေးအတွက် NCA ကို ဆက်မလုပ်နိုင်ဘူးဆိုတဲ့ အထာမျိုးကို တချို့သော NCA အဖွဲ့တွေက လုပ်လာခဲ့ကြတယ် ။ လက်ရှိ အကြမ်းဖက် PDF တွေကို စစ်သင်တန်းတွေ အများစုပေးနေတဲ့ အဖွဲ့တွေဆိုတာကလည်း KIA နဲ့ KNU တပ်မဟာအချို့ရဲ့နယ်မြေတွေထဲကပါပဲ ။ လက်ရှိ ပြည်မထဲမှာ ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့ အကျိုးတရားဆိုတာ PDF တွေကို နယ်မြေခိုလှုံခွင့်ပေးထားပြီး မိုင်းထောင်နည်း သင်တန်းတွေ ပေးတဲ့ အကြောင်းတရားကနေပဲ အခြေခံတာလည်းဖြစ်တယ် ။


၅။ မနေ့က ချင်းပြည်နယ် CNDF ရဲ့ အထူးကွန်မန်ဒို သင်တန်း အပတ်စဉ်(၁) ဖွင့်ပွဲကို NUG ရဲ့ ရည်မွန် ကနေ သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြတာ တွေ့ရတယ် ။ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ KNU ဆိုတာ NCA လမ်းကြောင်းအရ သဘောတူညီမှုရပြီး ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ NUG ရဲ့ လက်အောက်ခံ PDF တွေကို နယ်မြေခိုလှုံခွင့်ပေးပြီး စစ်သင်တန်းတွေ ပေးနေတဲ့ မိမိလက်အောက်ခံ တပ်မဟာအချို့ကိုလည်း ဗဟိုကနေ တားမြစ်အမိန့်ပေး၊ ကွပ်ကဲနိုင်စွမ်းမရှိတာဟာ NCA ကို ပျက်ရယ်ပြုနေသလိုခံစားရပါတယ် ။


၆။ အချုပ်ဆိုရရင် NCA ဆိုတာ တိုင်းရင်းသား EAOs တွေရဲ့ လိုလားချက်တွေကို လွှတ်တော်ကို တင်ပြီး ရယူနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲထားနိုင်ရေးရဲ့ ပဏာမ ခြေလှမ်းဖြစ်ပါတယ်။ နိုင်ငံရေးသဘောသဘာဝအရ ခံယူချက်မတူတဲ့ PDF ကလေးတွေကို ပွန်းရုပ်တွေ အဖြစ်နဲ့ ရှေ့တန်းတင်ပြီး တပ်မတော်ကို ပြန်အတိုက်ခိုင်းတဲ့ လုပ်ရပ်မျိုးနဲ့ အပြစ်မဲ့ ပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့ အခြေခံ အဆောက်အဦတွေကို မိုင်းခွဲ၊ ဗုံးထောင်စေတဲ့ လုပ်ရပ်မျိုးကို အားပေးအားမြှောက်ပြုနေတဲ့ လုပ်ရပ်မျိုးက အတော်လေး ရင်နာစရာကောင်းပါတယ် ။ 


၇။ အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာ နိုင်ငံရေး တောင်းဆိုချက်တွေကို အပြန်အလှန်ညှိနှိုင်းတိုင်ပင်လို့ရအောင် ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါတယ် ။ ဒီစာချုပ်ကို အကြောင်းပြုပြီး လူသစ်စုဆောင်းတာ ၊ အင်းအားတိုးချဲ့ တည်ဆောက်တာ ၊ အကြမ်းဖက်တွေကို လက်ခံအားပေးထားတာတွေက NCA ကို ဘာလဲ ၊ ဘယ်လဲဆိုပြီး မေးရတော့မဲ့ အချိန်ရောက်လာပြီးလားလို့ တွေးထင်မိပါတော့တယ် ။ 



(ဖိုးစီ)

Post a Comment

Previous Post Next Post