ဒီကနေ့ သတင်းတွေထဲမှာ အများစု ဖတ်ရတာက မြောင်မြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်က စတင်ထိန်းချုပ် ပြီး မြို့အဝင်/အထွက်တွေမှာ ဂိတ်တွေထားပြီး စစ်ဆေးမှုလုပ်သွားမယ်ဆိုတဲ့ အကြောင်းအရာတစ်ခုပါပဲ။
မြောင်မြို့နယ်နဲ့ ပတ်သက်ပြီး မရင်းနှီးတဲ့ သူတွေကို မြင်သာ အောင် ပြောပြရရင် မြောင်မြို့ဟာ ဧရာဝတီမြစ်ကမ်းကို မေးတင်ထားတဲ့ မြို့တမြို့ပါပဲ။ အရှေ့ဘက်မှာ စစ်ကိုင်းနဲ့ မြင်းမူ ရှိသလို မြောက်ဘက်မှာ ချောင်းဦးနဲ့ တောင်ဘက်မှာတော့ ရေစကြိုနဲ့ မြင်းခြံတို့ ရှိပါတယ် ။ လတ်တလော ကလေးဝအခြမ်းနဲ့ ဒီဘက်ခြမ်းတွေမှာ ဧရာဝတီမြစ်ကြောင်းပေါ်က သွားလာတဲ့ သင်္ဘောနဲ့ စက်လှေတွေကို ဆက်ကြေးတောင်းနေတဲ့ အဖွဲ့က လည်း လက်ရှိ သူတို့ ပါပဲ ။ သူတို့ရဲ့ သတင်းပေးတွေကနေတဆင့် စက်လှေနဲ့ သင်္ဘောတွေကို ကမ်းကပ်ခိုင်းပြီး ပါလာတဲ့ ကုန်တွေ စစ်ဆေးတာမျိုးရှိသလို အခွန်သဘောမျိုးနဲ့ ဆက်ကြေးတွေလည်း ကောက်ခံနေတာမျိုးလည်း ခပ်စိပ်စိပ် လုပ်နေတဲ့ သဘောပါပဲ ။
ဒီလို ကြေငြာချက်သာ အမှန်တကယ် ထွက်လာတယ်ဆိုရင်တော့ မြောင်မြို့အတွက် မကောင်းပါဘူး ။ မြို့နေ ပြည်သူအများစုအတွက်တော့ ရှောင်တခင် မြို့တွင်း စစ်ဆေးရေးတွေ ရှိလာနိုင်သလို မြို့ထွက်ပေါက်တွေ ပိတ်ပြီး တပ်မတော် စစ်ကြောင်းတွေရဲ့ နယ်မြေရှင်းလင်းမှုတွေကိုလည်း ခံရနိုင်ပါတယ် ။
တပ်မတော်စစ်ကြောင်းတွေကို လမ်းခုလတ်ကနေ မိုင်းခွဲတာ ၊ ချောင်းပစ်တာတွေက ဖြစ်ရိုးဖြစ်စဉ်တစ်ခုမို့ သိပ်မထူးခြားပါဘူး ။ မြို့နယ်တစ်ခုကို ခုလို ကြေငြာချက်ထုတ်ပြန်တာက အန္တရာယ်ကို တိုက်ရိုက်ဖိတ်ခေါ်တာပဲလို့ သုံးသပ်မိပါတယ် ။ အချုပ်အခြာအာဏာအတွက် နယ်စပ်မှာရှိတဲ့ လူမနေတဲ့ တောင်ကုန်းတွေကိုတောင် အသက်တွေပေးပြီး တိုက်နေတဲ့ တပ်မတော်အတွက် ခုလို မြောင်ဒေသမျိုးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့သိမ်းပုံစံ ကြေငြာချက်ထုတ်ပြန်နေတာကို လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး ။ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးစစ်ဆင်လာရင်သာ ခံနိုင်ရည် ရှိကြပါစေလို့ပဲ ဆုတောင်းပါတယ် ။
(ဖိုးစီ)
Post a Comment