ဗီယက်နမ်တွင် ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၃,၇၇၀ ဦးစစ်ဆေးတွေ့ရှိ၊ Omicron ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များချမှတ်
ဟနွိုင်း၊ နိုဝင်ဘာ ၃၀
ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင် ကိုဗစ်ကူးစက်ခံရသူ ၁၃,၇၇၀ ဦးစစ်ဆေးတွေ့ရှိပြီး၊ ထပ်မံသေဆုံးသူ ၁၇၃ ဦးရှိကြောင်း သိရသည်။ ကူးစက်ခံရသူ ၁၃,၇၅၈ ဦးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး၊ နိုင်ငံခြားမှကူးစက်မှု ၁၂ ခုသာရှိကြောင်းသိရသည်။
ထို့ကြောင့် ကိုဗစ်ကူးစက်ခြင်းခံရသူ စုစုပေါင်း ၁သန်းကျော်(၁,၂၂၄,၁၁၀ ဦး)ရှိပြီဖြစ်ကာ၊ သေဆုံးသူ စုစုပေါင်း ၂၅,၀၅၅ ဦးရှိလာပြီဖြစ်သည်။
မျိုးကွဲသစ် Omicron ကူးစက်မှုကို စစ်ဆေးတွေ့ရှိခြင်းမရှိသေးသော်လည်း၊ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြည်ပမှဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွားများအတွက် တင်းကြပ်သည့် ကန့်သတ်ချက်များ ချမှတ်ဆောင်ရွက်နေပြီဖြစ်သည်။
ယခုအခါ Omicron ကူးစက်မှုကို ဟောင်ကောင်နှင့် အခြားနိုင်ငံ ၁၂ ခုတို့တွင်စစ်ဆေးတွေ့ရှိနေပြီဖြစ်သည်။
အသစ်တွေ့ရှိသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ Omicron နှင့်ဆက်စပ်သည့် ကမ္ဘာတစ်ဝန်းအတွက်စိုးရိမ်ရမှုသည် "အလွန်မြင့်မား"သည့် အဆင့်တွင်ရှိကြောင်း WHO က အကဲဖြတ်လိုက်ကာ၊ ကမ္ဘာတစ်ဝန်း ထပ်မံပျံ့နှံ့နိုင်ခြေမှာလည်း မြင့်မားနေကြောင်း ယမန်နေ့က ကြေညာထားသည်။
ပုံစာ - ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ရက် နှစ်သစ်ကူးနေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်တွေ့ရသော ပြည်သူများ(ဓာတ်ပုံ Reuters)
ကိုးကား
Vietnam reports 13,770 new COVID-19 cases, 1,224,110 in total
Post a Comment