NLD ပါတီမှ ထင်ရှားသည့် ပုဂ္ဂိုလ်များနှင့်ပါ တွေ့ဆုံမည်ဟု မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်ပြောဆို
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ရှုပ်ထွေးနေသည့် အခြေအနေတွင် ရှိနေသည်ကို သိရှိရကြောင်း မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်လည်းဖြစ်၊နီပွန်ဖောင်ဒေးရှင်း၏ ဥက္ကဌလည်းဖြစ်သည့် မစ္စတာဆာဆကာဝါက သတင်းထောက်များကို ပြောသည်။
ယနေ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း သတင်းထောက်များနှင့်တွေ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီခရီးစဉ်မှာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး၊ သူတို့ဆီတွေက ကြားသိရတဲ့ စကားတွေကို နားထောင်ပြီး အဲဒီအပေါ်မှာ ခွဲခြမ်းစိတ်ဖြာပြီးမှ ဘယ်ပုံစံနဲ့ ဆောင်ရွက်သွားမလဲ ဆိုတာကို ကျနော်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
မစ္စတာဆာဆာကာဝါက ၎င်းသည် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် ဖြစ်သည်ဟုဆိုကာ အခန်းကဏ္ဍအသီးသီးမှ ခေါင်းဆောင်များနှင့်တွေ့ကာ မည်ကဲ့သို့ဆောင်ရွက်သွားလျှင်အယခုအခက်အခဲကို ကျော်ဖြတ်သွားနိုင်မည်နည်း ဆိုသည်ကို လေ့လာသွားချင်ကြောင်းလည်းပြောသည်။
မစ္စတာဆာဆာကာဝါက NLD ခေါင်းဆောင်များနှင့်ပါ တွေ့မည်ဟုဆိုသည့်အပေါ် NLD ခေါင်းဆောင်အများစု ဖမ်းခံထားရ၍ မည်သူနှင့်တွေ့မည်နည်းဟု မေးခွန်းထုတ်စရာဖြစ်လာနေသည်ဟု နိုင်ငံရေးလေ့လာနေသူတစ်ဦးက မှတ်ချက်ပြုသည်။
“အာဆီယံအထူးကိုယ်စားလှယ်တောင် တွေ့ခွင့်မရတဲ့ အခြေအနေမှာ တွေ့ခွင့်ပေးမလားဆိုတဲ့ မေးခွန်းက ရှိလာပြီ”ဟု ၎င်းကပြောသည်။
နိုင်ငံအချို့က မြန်မာကို တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ပြီး ဆွေးနွေးရေး လမ်းကြောင်းကို သွားရန် တွန်းပို့နေကြသည်။
မစ္စတာဆာဆာကာဝါ သည် ရခိုင်အမျိုးသားပါတီနှင့် ယနေ့တွေ့ဆုံခဲ့သည့် အပြင် ရန်ကုန်တွင်လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ရခိုင့်ဦးဆောင်ပါတီ၊ဖက်ဒရယ်ပြည်ထောင်စုပါတီ စသည့် နိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံရန်ရှိနေသည်။
ပုံစာ _ ယခင်တွေ့ဆုံခဲ့စဉ် ပုံဟောင်းများဖြစ်ပါသည်။
Post a Comment