စစ်ထောက်လှမ်းရေး (MI) ခေတ်က စစ်ကြောရေးနဲ့ ပတ်သက်လို့ ကျွန်တော့်မိတ်ဆွေ ၈၈မျိုးဆက် ABSDF တစ်ယောက် အကြောင်း သတိရမိတယ်။
အဲဒီ မိတ်ဆွေက ABSDF မြောက်ပိုင်း UG တစ်ယောက်
ဖြစ်ပြီး၊ မန္တလေးမှာလှုပ်ရှားနေတုန်း အမှတ်၁၆ ထောက်လှမ်းရေးက ဖမ်းဆီးတာ ခံလိုက်ရတာပါ။
သူ့ကို ထောက်-၁၆ က စစ်ကြောရေးလုပ်တော့ ပြင်းပြင်းထန်ထန် ရိုက်နှက် စစ်ဆေးတာ လုံးဝ မခံရဘူး။ ဒါပေမယ့် သူပြောပြတာက သူ့ကိုစစ်ကြောရေးလုပ်တာ
( သူမှတ်မိသလောက်) တစ်ဖွဲ့ကို ၄ယောက်၊ တစ်ယောက် တစ်နာရီနှုန်းနဲ့ မေးခွန်းတွေ မေးတယ်။ တစ်ရက်ကို ၆ဖွဲ့
၂၄နာရီ အလှည့်ကျ စစ်ကြောရေးလုပ်တယ်။
သူ့မျက်နှာကို ပြင်းအားမြင့် ဆလိုက်မီးနဲ့ ထိုးထားတယ်။
စစ်ဆေးသူတွေရဲ့ မျက်နှာကို မမြင်ရဘူး။ အသံပြောင်း
သွားလို့သာ လူတစ်ယောက် ပြောင်းသွားတာ သိရတာ။
စစ်တဲ့ မေးခွန်းတွေက အခု နှစ်ဆယ်လောက်ပဲ။ ဒါကိုပဲ
တစ်ယောက်ပြီး တစ်ယောက် ထပ်တလဲလဲ မေးနေတာ။
သူကတော့ ငါ့တပ်ဖွဲ့ရဲ့ ရဲဘော်တွေအကြောင်း လုံးဝ မဖော်ဘူးလို့ ဆုံးဖြတ်ချက် ချထားတော့ မေးခွန်းတွေကို
အမှန်တိုင်း တစ်ခုမှ မဖြေဘူးတဲ့။ ဒါပေမယ့် သူ့ကို
ထိုးထားတဲ့ ဆလိုက်မီးက အပူဒဏ် အတော်ပြင်းသတဲ့။
နေ့တစ်ပိုင်း လောက်မှာ ရေငတ်တဲ့ဒဏ် ခံရလို့ ရေတောင်း
သောက်တယ်။ မင်းက ငါတို့ မေးတာ ကောင်းကောင်း မဖြေလို့ ရေမတိုက်ဘူး။ ထမင်းလဲ စားရမယ် မထင်နဲ့လို့
ပြောတယ်။ ၂၄နာရီမပြည့်မီ အစာမစား, ရေမသောက်ရ, အနားမရလေတော့ သူထိုင်နေတဲ့ ထိုင်ခုံရော လူပါ ပစ်လဲ
သွားသတဲ့။ လဲသွားရင် ရေပုံးနဲ့ ရေလောင်း ပြန်ထူ နားရင်းအုပ်ပြီး ပြန်နှိုးတယ်။ ပြီးရင်တော့ ထုံးစံအတိုင်း
အပ်ကြောင်းထပ်နေတဲ့ မေးခွန်းတွေထပ်မေး - ရေမတိုက်
အစာမကျွေး - မီးဆလိုက်ကပူ - တစ်မှေးမှ မအိပ်ရ -
ပင်ပန်းလွန်းလို့ ပစ်လဲ - ရေပုံးနဲ့ ရေလောင်း - ပြန်ထူ နားရင်းအုပ်ပြီး ပြန်နှိုး ဒီလိုနဲ့ ဘယ်နှစ်ရက် ကြာသွားလဲ
အချိန် ဘယ်လောက်လဲ သူမသိတော့ဘူး။ တစ်ကြိမ်မှာ
တော့ အီးပါချင်တယ် ပြောလို့ အိမ်သာထဲ ဝင်ခွင့် ပေးတာ
ဟေ့ကောင်... အိမ်သာထဲက ဖင်ဆေးတဲ့ရေတွေ မသောက်ခဲ့နဲ့ဦးလို့ လှမ်းပြီးရိလိုက်သေးသတဲ့။ ဒါပေမယ့် ဘယ်လိုမှ အောင့်အည်း သည်းခံနိုင်စွမ်း မရှိတဲ့အဆုံး
ဖင်ဆေးတဲ့ရေတွေ အားရပါးရ သောက်လိုက်မိသတဲ့။
(နောက်မှ သိရတာ အနည်းဆုံး ၅ရက်လောက်တော့ စစ်ကြောရေး ခံရပါသတဲ့။)
အိမ်သာထဲက ဖင်ဆေးတဲ့ရေတွေ သောက်လိုက်မိပြီး
ချိန်မှာ သူ့ကိုယ်သူ ယူကြုံးမရဖြစ်ပြီး စိတ်ဓာတ်တွေ အကြီးအကျယ် ကျမိသတဲ့။ ဒါပေမယ့် ငါ့ရဲဘော်တွေ
ဒုက္ခ မဖြစ်ရအောင် ငါ ဘယ်တော့မှ မဖော်ဘူးလို့ စိတ်ကို
တင်းထားဆဲလို့ ဆိုတယ်။ ပြီးတော့ ဘယ်လောက်ပဲ လဲကျ လဲကျ ငါ သတိမလစ်ဘူး။ ငါ ခံနိုင်ရည် ရှိသေးတယ်လို့
ကိုယ့်ဖာသာ အားတင်းထားပါ သတဲ့။
ဒါပေမယ်လို့ အစာငတ် ရေငတ်ခံရပြီး မအိပ်မနေ စစ်ကြောရေး (သူ့အထင်) ၅ရက်လောက် အကြာမှာ
ကိုယ်ရော စိတ်ပါ အားအင်ချိနဲ့ မျော့မျော့ပဲ ကျန်တော့တဲ့
အချိန်မှာတော့ သူ့ကို စစ်ဆေးနေတဲ့ ပုဂ္ဂိုလ်တွေက
ပြုံးပြုံးရွှင်ရွှင်နဲ့ စကားပြောလာပြီး ထမင်းကျွေး ရေတိုက်
ရင်းရင်းနှီးနှီး ပုံစံနဲ့ ဆက်ဆံလာပါတယ်တဲ့။
ထမင်းစားပြီး တစ်ရေးတစ်မော အိပ်ခွင့်ပေးပြီး အိပ်ရာက ထလာတော့မှ သူတို့မေးတဲ့ မေးခွန်းတွေကို သူဖြေထား
ထွက်ဆိုချက်ပေးထားတဲ့ အကြောင်းအရာတွေဟာ မှန်ကန်ကြောင်း လက်မှတ်ထိုးဖို့ A4 စာရွက်တွေ လာပေးပါသတဲ့။ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ မေးခွန်း
၂၀ရဲ့ အဖြေတွေက သူမဖြေဘူးလို့ ' ဘူး 'ခံထားခဲ့တဲ့
အဖြေမှန်တွေ ဖြစ်နေတာ အံ့ဩခြင်းကြီးစွာ တွေ့လိုက်ရတော့ ဘာပြောရမှန်း မသိအောင် ဆွံ့အသွားခဲ့ ပေမယ့် ဒါတွေဟာ ကျွန်တော့် ထွက်ဆိုချက်တွေ မဟုတ်ဘူး။ လက်မှတ် မထိုးနိုင်ဘူးလို့ ဗြောင်ကျကျ ထပ်ငြင်းလိုက်သေးတယ်။ ဒါပေမယ့် စစ်ကြောရေး ဆရာတွေက Recording လုပ်ထားတဲ့ တိပ်ခွေတစ်ခွေ
ဖွင့်ပြပြီး ဒီအသံက မင်းအသံမဟုတ်လို့ ဘယ်သူ့အသံလဲ။
မင်းကိုယ်တိုင် ထွက်ဆိုချက်တွေ ပေးပြီး ဖော်ထုတ်လို့ မင်းရဲ့ အပေါင်းအသင်း ရဲဘော်တွေတောင် ဟိုဘက် အခန်းထဲ ရောက်နေပြီလို့ဆိုပြီး ဖမ်းဆီးရမိသူ သူ့ရဲဘော် တွေရဲ့လက်ပြန်ကြိုးတုပ်ထားတဲ့ ဓာတ်ပုံတွေ ထုတ်ပြ ခဲ့တယ်။
သူပြောပြတာက ကျွန်တော်က ဘယ်လောက်ပဲ စိတ်ထဲ
တင်းထားခဲ့ပေမယ့် အစာငတ်ရေငတ်ခံရပြီး မအိပ်မနေ
အစစ်ခံရတာ ကြာလာတာနဲ့ အမျှ စိတ်အား ကိုယ်အား
အားအင်ချိနဲ့မျော့မျော့ပဲ ကျန်ချိန်မှာ သတိတွေလည်း လစ်သွားခဲ့တယ် ထင်တယ်။ သတိ မရတရ ဖြစ်နေချိန်မှာ
စိတ်ပညာ သဘောတရားအရ ဘယ်လိုမှ လျှို့ဝှက်ချက်
မသိမ်းဆည်းနိုင်တော့ပဲ အဖြစ်မှန်ကို ဖော်ထုတ် ဖွင့်ချမိခဲ့
တယ်လို့ထင်ပါတယ်။ ဘယ်လိုမှ ငြင်းဆန်လို့ မရတဲ့အဆုံး
ကျွန်တော် လက်မှတ်ထိုးပေးလိုက်ရတယ်။
ကျွန်တော့် ရဲဘော်တွေ အများစုဟာလည်း ဒီလိုနည်းနဲ့
စစ်ကြောရေးမှာ ထွက်ဆိုချက်တွေ ပေးခဲ့ရတာကြောင့်
အေဘီအက်စ်ဒီအက်ဖ် မန္တလေး ယူဂျီတွေ တပြုံကြီး
အဖမ်းခံခဲ့ရတာပါဘဲတဲ့။
ပြောချင်တာက ကမ္ဘာကျော် ဆိုးပေ့ မိုက်ပေ့ ဆိုတဲ့
Well-trained အကြမ်းဖက်သမားကြီးတွေ တောင်မှ
စီအိုင်အေ, FSB , SVR တို့နဲ့ တွေ့ရင် စစ်ကြောရေး
INTERROGATION နဲ့ တွေ့ရင် မခံစားနိုင်တော့လို့
သိသမျှ အကုန်လုံး ဖော်ထုတ်ကြရတာပါဘဲ။
မနေ့က ဇေယျာသော် ဖော်ထုတ်လို့ ဖမ်းဆီးရမိ လက်နက်
စာရင်းဟာ လုပ်ကြံဖန်တီးထားတာ ဖြစ်တယ်။ ဒီလိုတော့
ဇေယျာသော် သစ္စာမဖောက်နိုင်ဘူး။ ဇေယျာသော်ဟာ
ခပ်ညံ့ညံ့ လူစားမျိုး မဟုတ်ဘူးလို့ ဝေဘန်နေကြတာ
တွေ့ရတယ်။
ဇေယျာသော်ကို ခပ်ညံ့ညံ့လူစားမျိုးမဟုတ်ဘူး ဆိုတာက
ဖြစ်နိုင်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် လုံခြုံရေး
အဖွဲ့အစည်း, Secret Service တွေရဲ့ စစ်ကြောရေး
INTERROGATION လုပ်ငန်းတွေကလည်း ခေတ်နဲ့အညီ တိုးတက်နေတာ ဖြစ်တာကြောင့် အိုင်တီ နည်းပညာ အထောက်အပံ့နဲ့ အချိန်တိုအတွင်း လျှို့ဝှက်ချက် တွေကို
ဖော်ထုတ်လို့ လွယ်ကူလာကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လောက်ပဲ သစ္စာရှိသည် ဖြစ်စေ၊
မာကျောလွန်းတဲ့ မိုက်ခဲကြီးပင် ဖြစ်စေ၊ လုံခြုံရေးအဖွဲ့
တွေရဲ့စစ်ကြောရေး အောက်မှာ ဒူးထောက် လက်မြှောက်
အရှုံးကို ရင်ဆိုင်ကြရတာဟာ သူတို့တွေရဲ့ ညံ့ဖျင်း ပျော့ညံ့မှု တစ်ခုထဲကြောင့် မဟုတ်ကြောင်း၊ ဒါဟာ ထုံးတမ်းစဉ်လာ ဓမ္မတာ တစ်ခုသာ ဖြစ်ကြောင်း
သုံးသပ် ရပါတယ်ဗျာ။
crd
Post a Comment