ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား တရုတ်ကိုယ်စားလှယ်နှင့်ဆွေးနွေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းနှင့် နစကတို့ ဥက္ကဋ္ဌတို့ တွေ့ဆုံကြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကိစ္စရပ်အပါအဝင် အခြားသောကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးသည့်ထဲ ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများလည်းပါသည်။
ယင်းအပြင် မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံ ရေးအခြေအနေများ၊ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှု များနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများပါ ဆွေးနွေးခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း၏ ယခုခရီးစဉ်သည် ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်နေသည်။
မြန်မာနိုင်ငံသို့ ယခုရက်ထဲမှာပင် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်လည်းဖြစ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်သည့် Mr. Yohei Sasakawa၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းတို့အပြင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ ဆက်တိုက်ရောက်ရှိလာနေကြ၍ မြန်မာ့နိုင်ငံရေးအခြေအနေအား နိုင်ငံတကာအပြင် နိုင်ငံရေးလေ့လာသုံးသပ်နေသူတို့ စောင့်ကြည့်လျှက်ရှိနေကြသည်။
Website တွေ ဖတ်ရှုရန် >> https://wp.me/paRxJm-gzt
Post a Comment