ပညာနှင့် နိုင်ငံတော် 🍁

အကြမ်းဖက် NUG/PDF တွေက တဝုန်းဝုန်း ဗုံးခွဲတိုက်ခိုက် ဖျက်ဆီးနေတဲ့ကြားကပဲ အစိုးရကလည်း ပညာရေးတွေကို ပြန် အစပြုဖို့ ကြိုးပမ်းနေပါတယ်။ ကျွန်တော်တို့ မလုံခြုံကြဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပညာရေးဆိုတာ ရပ်တန့်ထားရမယ့်အရာတော့ မဟုတ်ပါဘူး။ 
အစိုးရတစ်ရပ်ကို မကျေနပ်လို့ ပညာရေးကိုတိုက်ခိုက်တယ်ဆိုတာ တကယ်ကို ကလေးဆန်ပြီး အောက်တန်းကျတဲ့ကိစ္စသာဖြစ်တယ်။ ပညာရေးဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံအုတ်မြစ်ပါ။ အစိုးရ အဆက်ဆက် ပညာရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာတွေချမှတ်ပြီး ပညာရေးကိုဆွဲတင်ဖို့ ကြိုးစားကြတယ်။ ဆယ်တန်းမအောင်ရင် တက်လမ်းပါ မရှိတော့တဲ့စနစ်ကြီးကို ပြုပြင်ဖို့ အဖြေရှာကြတယ်။ အခြေခံပညာအဆင့်မှာတောင် မဟာဘွဲ့ရလူငယ်တွေကို ခန့်အပ်ပြီး လေ့ကျင့်ဖို့ကို အစိုးရက စီစဉ်နေတော့တာပါ။ ဒါဟာ ပညာရေးမှာ အရည်အသွေးအာမခံချက်ရှိဖို့ (Quality Assurance) အတွက် ဖြစ်တယ်။ 

အနည်းဆုံး အာဆီယံဒေသတွင်းအဆင့်ထိ ပညာရေး အရည်အသွေးမီမှသာ ကျောင်းဆက်တက်ချင်တာဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ဖြစ်ဖြစ် အဆင့်မီအောင် စီစဉ်ပေးနိုင်လိမ့်မယ်။ ကျွန်တော်တို့ ပြတ်ကျန်ခဲ့လို့မဖြစ်ပါဘူး။ 

ပြီးခဲ့တဲ့ တစ်ပတ်လုံး အိန္ဒိယတက္ကသိုလ်တစ်ခုက ကမကထပြုတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ Scholarship Program တစ်ခုကို ကျွန်တော် လိုက်တက်နေခဲ့တာပါ။ အိန္ဒိယက ဒေါက်တာဘွဲ့ရ ပုဂ္ဂိုလ်တွေ ပို့ချတဲ့ အဆိုပါ ပရိုဂရမ်ကနေ ကျွန်တော် ပညာတွေ အများကြီးရလိုက်တယ်။ အကျယ်မရေးတော့ပါဘူး။ ကျွန်တော်တို့ မှားယွင်းစွာ ကျင့်သုံးမိနေတဲ့ ချဉ်းကပ်မှုတွေ အများကြီးပါပဲ။ ကျွန်တော် နိုင်ငံအတွက် အပြုသဘောဆောင် ထောက်ပြချင်တဲ့ အရာတွေ အများကြီးပဲ။ နောက်မှ အလျဉ်းသင့်သလို အပြုသဘော ဆက်ရေးပေးပါမယ်။ ကျွန်တော် ပညာသင်ဆုရတိုင်း ပညာပြန်ဖြန့်ဝေနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။

နိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး သိပ်လည်းတော်ရင် ပြောပါတယ်။ နိုင်ငံကောင်းဖို့ ဝေဖန်ထောက်ပြရမှာပါ။ စစ်ကျွန်ပညာရေးလို့ ခေါင်းစဉ်တပ်ပြီး ဆရာ/ ဆရာမတွေနဲ့ ကျောင်းသားတွေကို ပစ်မှတ်ထားနေရမှာမဟုတ်ဘူး။ ပညာရေးဆိုတာ တိုက်ခိုက်ဖျက်ဆီးရမယ့်အရာမဟုတ်ဘူး။ ပညာရေးဆိုတာ ပိုကောင်းအောင် ပျိုးထောင်ရမယ့်အရာ။ 

တစ်ချိန်တည်းမှာပဲ ဝရမ်းပြေးအစိုးရက ကလေးတွေကို ကျောင်းမတက်ဖို့ ဖိအားပေးတယ်။ ခြိမ်းခြောက်တယ်။ တချို့ စစ်အစိုးရလက်ထက်မှာ လူဖြစ်၊ ပညာသင်ပြီး ပါရဂူဘွဲ့ဝတ်ရုံကြီးကိုမချွတ်ဘဲ ကျောင်းတက်တဲ့ကလေးတွေကို လှောင်တယ်။ 'စိတ်ဓာတ်ကအစ လောက်တက်နေတယ်' လို့ပဲ ပြောချင်ပါတယ်။ ကိုယ်တောင် တတ်ထားတဲ့ ပညာကို ပရိုဖိုင်ပေါ်တင် ဂုဏ်ဆာသေးတယ်မဟုတ်လား။ ကလေးတွေ ပညာသင်ကြပါစေ။ 

ဒါထက် အောက်တန်းစား ကလေကဝ NUG ကို ပြောချင်ပါတယ်။ သင်ရိုး၊ သင်ကြားသူ၊ အဆောက်အအုံသာမက Quality Assurance ပါ မရှိတဲ့ ဘောင်မဝင် တန်းမဝင် ပညာရေးကို အကြောင်းပြပြီး မသိနားမလည်တဲ့ လူငယ်တွေကို မမြူဆွယ်ပါနဲ့။ ခင်ဗျားတို့က ကလေးတွေရဲ့ ဘဝကို ဖျက်ပစ်နေကြတာပါ။ ခင်ဗျားတို့သာ လုံလောက်အောင် ပညာတတ်ရင် Q.A/ PISA ကို သိမှာပါ။ သိရမှာပါ။ မသိရင် ကြီးကြီးကျယ်ကျယ် မပြောပါနဲ့။ သုံးစားမရတဲ့ မက်လုံးတွေနဲ့ ကလေးတွေကို ဘဝမဖျက်ကြနဲ့။ 

ငွေကြေးမပြည့်စုံတဲ့ ကလေးတွေကိုပါ အဆင့်မီတဲ့ ပညာရေးရဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ကာလမှာ၊ သင်ရိုးတွေ အဆင့်မြှင့် ပြင်ဆင်ပြီး ကျောင်းတွေဖွင့်ဖို့ ကြိုးပမ်းနေတဲ့ကာလမှာ ကိုယ် ကိုယ်တိုင်က ပညာမတတ်တဲ့ ထောင်ထွက်တွေမို့ ဘာမှမကူညီနိုင်ရင်တောင် မနှောင့်ယှက်ဘဲ နေရမှာပါ။ ဘာစစ်ကျွန်ပညာရေးလဲ။ ပညာရေးသဘောတရား၊ ပညာရေးမဟာဗျူဟာကို ဘယ်လောက် နားလည်လို့ မျက်စိမှိတ် ဖျက်ဆီးနေရတာလဲ။ ဖုတ်ပူမီးတိုက် ကြိုးပမ်းရင်တောင် လိုက်မီရုံသာရှိမယ့် နိုင်ငံကိုမှ ကျောင်းတွေပတ် မီးရှို့ ဗုံးခွဲနေကြတော့ ကောင်းကြသေးရဲ့လား။ အောက်တန်းစားတွေရဲ့ အကြမ်းဖက်မှုမှန်သမျှ ကျွန်တော် ရှုံ့ချတယ်။ 

ကျွန်တော်ကတော့ ပညာကိုမြတ်နိုးတယ်။ ပညာကို တန်ဖိုးထားတယ်။ ထို့အတူ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကိုလည်း ပညာရည်မြင့်ပြီး အသိကြွယ်တဲ့ လူငယ်တွေ သိပ်ကိုဖြစ်စေချင်တယ်။ ဒါကြောင့်လည်း ပညာရေးကိုတိုက်ခိုက်သူတိုင်းကို ကျွန်တော် ရွံရှာအထင်သေးစွာ ရှုံ့ချပါတယ်။ နိုင်ငံတော်ကြီးကို ဘက်ပေါင်းစုံက ဖိအားပေး သွေးထိုးနေတာကို မြင်ရလေ.... ကျွန်တော် ပိုပြီး ကြိုးစားချင်လေပဲ။ 

ဒါကြောင့် ကျွန်တော် ပြောချင်တာက - 

- နိုင်ငံတစ်နိုင်ငံမှာ အရေးအကြီးဆုံးဟာ ပညာရေးပါ။ ပညာရေးကောင်းတဲ့နိုင်ငံမှ အင်အားကြီးတာပါ။ 

- ပညာရေးကောင်းဖို့ ဆရာတွေက အသိပညာကြီးဖို့လိုသလို ကလေးတွေလည်း ပညာသင်ခွင့်ရဖို့လိုတယ်။ ပညာရေးကိုတိုက်ခိုက်တာဟာ အောက်တန်းစား အဆန်ဆုံးပဲ။ 

- အရည်အသွေး အာမခံချက် ဘာတစ်ခုမှမရှိဘဲ NUG ရဲ့ ပညာရေးတွေ ဘာတွေ အသံကောင်းဟစ်ပြီး မရူးပါနဲ့။ ကိုယ်တွေ အာဏာရတုန်းတောင် ဘွဲ့တု ဘွဲ့လိမ်နဲ့ ဘွဲ့မရတဲ့လူတွေကို အစိုးရတစ်ရပ်လို ထိပ်တင်ဘုံမြှောက် မြှောက်စားခဲ့တာဖြစ်ကြောင်း သတိရပြီး ရှက်တတ်ကြပါစေ။ 

- လူငယ်တွေလည်း လေ့လာပါ။ မက်လုံးတွေထဲမှာ မသာယာခင် မက်လုံးတစ်ခုဟာ အာမခံချက် ဘယ်လောက်ရှိသလဲ အရင်ဆုံး စဉ်းစားတတ်စေချင်ပါတယ်။

ထို့အတူ အစွန်းရောက်ပြည်ဖျက်တွေရဲ့ အကြမ်းဖက်မှုတွေကြားက သက်စွန့်ဆံဖျား ကျောင်းတက် ပညာသင်နေကြတဲ့ ကလေးငယ်တွေကိုရော၊ တက်ကြွစွာ ပညာသင်ပေးနေကြတဲ့ ဆရာ/ ဆရာမတွေကိုပါ ကျွန်တော် ‌အထူးလေးစားစွာ ဂုဏ်ပြုပါတယ်။ 

တစ်ချိန်တည်းမှာပဲ ရှိနေတဲ့ ဆရာ - ဆိုတဲ့ ဖြစ်တည်မှုကို အလွဲသုံးစားလုပ်ပြီး မှိုင်းတိုက်ချင်တဲ့ ဆရာတွေများရှိခဲ့ရင် ....

ပညာရေးကို အခုထက်ပို အာရုံစိုက်ပြီး မလုပ်သင့်တာတွေ မလုပ်ဖို့ အကြံပြုပါတယ်။ ကလေးတွေက ဆရာတွေကို Role Model လို သဘောထားတာမို့ ဆရာက CDM ဆိုရင် CDM ကို လုပ်သင့်တယ်လို့ တရားသေ မှတ်သွားတတ်ကြပါတယ်။ နောက်မှ Non CDM ပြန်ခိုးလုပ်ရင် ခွင့်လွှတ်နိုင်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် တပည့်လေးတွေနဲ့ ပတ်သက်ရင် ရိုးသားပါ။ စိတ်ထားပြည့်ဝပါ။ ဆရာဂုဏ်ကို ထိန်းကြပါ - လို့ အကြံပြုပါတယ်။ အာဃာတတစ်ခုကြောင့် တပည့်တွေရဲ့ဘဝကို မဖျက်ဆီးကြပါနဲ့။

George Washington Carver ရဲ့ စကားလိုပါပဲ။ 
"Education is the key to unlock the golden door of freedom." 

ဆင်းရဲမှုနဲ့ အသိဉာဏ်ကျွန်ပြုမှုတွေ၊ အသုံးချခံရမှုတွေကနေ လွတ်မြောက်ဖို့ ...
ပညာသင်ပါ။ ပညာရေးကို အားပေးပါ။ 

ကျွန်ဖြစ်ရတာကြိုက်ရင်တော့ ကျောင်းတွေကိုသာ ဆက် တိုက်ခိုက်ကြပေဦးပေါ့။ 

#သန့်နေစိုး

Post a Comment

Previous Post Next Post