မုံရွာ အောင်ရှင် နဲ့ ကျွန်တော်

မုံရွာ အောင်ရှင် နဲ့ ကျွန်တော်

မနက်ခင်း လမ်းလေ ျှာက်နေတုန်း မိတ်ဆွေတစ်ယောက်ဆီက ဖုန်း၀င်လာတယ်။ ဒီလူက မနက်စောစော ဖုန်းဆက်လေ့မရှိဘူး။ သူဆက်ပြီဆိုရင် တစ်ခုခု ထူးခြားလို့ပဲ။ ဖုန်းကိုင် လိုက် တော့ “ ဦးအောင်ရှင် ဆုံးသွားပြီဗျ” လို့ ကြေကွဲတဲ့အသံ နဲ့ အသိပေးလာတယ်။ ဒီလိုနဲ့ ဆောင်း  နံနက်ခင်းက ကြေကွဲနံနက်ခင်းအဖြစ်ပြောင်းလဲသွားတော့တာပဲ။ 

ဆရာ မုံရွာ အောင်ရှင် နဲ့ စပြီး သိတာက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ မှာပါ။  အဲဒီဆွေးနွေးပွဲက ပြန်ကြားရေး ၀န်ကြီးဌာန၊ ယူနက်စကို နဲ့ အခြားနိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ် ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ မီဒီယာ မူဝါဒ တွေကို ရှင်းလင်းပြောကြားနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် နေပြည်တော်မှာ အခြားအစည်းအဝေးတစ်ခုနဲ့ တိုက်ဆိုင်နေတဲ့အတွက် အင်န်အယ်လ်ဒီ ဗဟို ပြန်ကြားရေးကော်မတီ၀င် ဆရာအောင်ရှင်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား  တက်ရောက် ပြီး ပါတီရဲ့ ပြန်ကြားရေးဆိုင်ရာမူဝါဒတွေကို ရှင်းပြခဲ့တယ်။ 

ကျွန်တော်တို့ နှစ်ယောက် ဘေးချင်းကပ်ထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်တော့ သူက ကျွန်တော့်ညီ ၀င်းထွဋ် နဲ့ ဆိတ်ဖလူးတောရ မှာ ဆုံခဲ့ကြောင်း၊ အလွန်ရင်းနှီးကြောင်း ပြော ပြခဲ့တယ်။ ဒီလို နဲ့ ကျွန်တော့်ညီကို အကြောင်းပြုပြီး ကျွန်တော့်တို့ နှစ်ယောက် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်။ 

ကျွန်တော် “ Myanmar’s Political Transition and Lost Opportunities ( 2010-2016)” ကို ရေးတော့ အမျိုးသားညီလာခံနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီဘက်က ဆောင်ရွက်ချက်တွေကို သိနိုင်ဖို့  ဆရာအောင်ရှင်ရေးတဲ့ “ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း ( ၁၉ ၈၈-၂၀၁၀) ကို ကိုးကားခဲ့ရတယ်။ အင်န်အယ်လ်ဒီ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းများနဲ့ ပတ်သက်ရင် ကျွန်တော်ဖတ်မိသမ ျှ ထဲမှာ ဆရာအောင်ရှင်ရဲ့ စာအုပ်က အပြည့်စုံဆုံးပဲ။ သူ့ပါတီအတွက် ဆရာအောင်ရှင်ရဲ့ အကောင်း ဆုံးအကျိုးဆောင်ခဲ့မှုလို့တောင် ပြောလို့ရမယ်ထင်တယ်။ 

သူနဲ့ ကျွန်တော်က မီဒီယာတွေ့ဆုံမေးမြန်းမှုတွေမှာ မကြာခဏ ဆုံဖြစ်တယ်။ နိုင်ငံရေး ဖြစ်စဉ် တွေနဲ့ ပတ်သက်ရင် အမြင်တူတာလည်း ရှိတယ်။ တစ်ဖက်နဲ့ တစ်ဖက် ငြင်းရတာလည်း ရှိခဲ့ တယ်။  ဘယ်လိုသဘောထားကွဲပြားမှုတွေရှိရှိ သူနဲ့ ကျွန်တော်ကြားက  အပြန်အလှန်လေးစားမှု  ကို အခြေခံတဲ့ မိတ်ဆွေဆက်ဆံရေးကို မထိခိုက်ခဲ့ဘူး။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့  သူပြန်လွတ်လာတော့ ကျွန်တော်တို့ နှစ်ယောက် ဆုံပြီး နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက် လို့ ကြာကြီး ပြောဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ  သူနဲ့ ကျွန်တော် ကြားမှာ ကိစ္စတိုင်းအပေါ် အမြင်  ထပ်တူနီးပါးဖြစ်ခဲ့တာ ဒီတစ်ကြိမ်ပဲ ရှိသေးတယ်။ အချိန်အကြာကြီး စကားပြောပြီးတဲ့နောက် မကြာမကြာ ဆုံကြဖို့ ကတိပေးရင်း လမ်းခွဲခဲ့ကြတယ်။ 

သူ နှလုံးရောဂါနဲ့ ဆေးရုံတက်ရတာသိတယ်။ သွားတွေ့ချင်ပေမယ့် ကျွန်တော့်ကြောင့် သူ့အပေါ် အထင်မှားသူတွေရှိမှာ စိုးရိမ်လို့ မသွားခဲ့ရဘူး။ အခုတော့ နောက်ထပ်ပြန်ဆုံဖို့ အခွင့်အရေးမရှိ တော့ဘူးပေါ့။ 

ဆရာ အောင်ရှင်နဲ့ ခင်မင်ရင်းနှီးခဲ့ရတဲ့ အချိန်ကာလက တိုတောင်းပေမယ့်  သူဟာ ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဆိုတာ သိဖို့အတွက်တော့ လုံလောက်ခဲ့ပါ တယ်။ 

#yehtutarticle
#AungShin

Post a Comment

Previous Post Next Post