ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန်အက်ဆင်း ထောင်ထဲတွင် လက်ထပ်ခွင့်ရ

ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန်အက်ဆင်း ထောင်ထဲတွင် လက်ထပ်ခွင့်ရ

လန်ဒန်၊ နိုဝင်ဘာ ၁၂

လန်ဒန်ရှိ လုံခြုံရေးတင်းကြပ်သော Belmarsh အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ဂျူလီယန်အက်ဆင်းသည် သူ၏ ကြင်ဖေါ် စတယ်လာမောရစ်နှင့် ထောင်ထဲတွင် တရားဝင် လက်ထပ်ခွင့်ကိုရရှိပြီဖြစ်ကြောင်း ဗြိတိန်အာဏာပိုင်တို့က ယနေ့ပြောကြားသည်။

ဝီကီလိခ်စ် ဝက်ဆိုက်ကိုတည်ထောင်သူ ဂျူလီယန်အက်ဆင်းအား သူလျှိုဟုစွပ်စွဲချက်ဖြင့် အမေရိကန်သို့လွှဲပြောင်းပေးရန် အမေရိကန်အစိုးရ၏ ကြိုးပမ်းမှုကို ခုခံနေစဉ် ၂၀၁၉ ခုနှစ်မှစတင်၍ လန်ဒန်ရှိ ဘဲလ်မာ့ရှ်အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရခြင်းဖြစ်သည်။

ဂျုလီယန်အက်ဆင်းသည် သူ့အားလိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သည်ဟူသော စွပ်စွဲချက်ကို တိမ်းရှောင်သည့်အနေဖြင့် လန်ဒန်ရှိ အီကွေဒေါနိုင်ငံသံရုံးတွင် ၇ နှစ်ကြာမျှ ခိုလှုံနေစဉ် စတယ်လာမောရစ်နှင့် ဆုံခဲ့ကြခြင်းဖြစ်သည်။

တောင်အာဖရိကနိုင်ငံဖွား ရှေ့နေတစ်ဦးဖြစ်သူ  စတယ်လာမောရစ်နှင့် အက်ဆင်းတို့တွင် အသက် ၄ နှစ်အရွယ်ရှိ ဂယ်ဘရီယယ်လ်နှင့် အသက် ၂ နှစ်အရွယ်ရှိ မက်စ်ဟူသည့် သား နှစ်ယောက်ထွန်းကားနေပြီဖြစ်သည်။

"တရားဝင်လက်ထပ်ခွင့်ရဖို့တင်ပြထားတာ အဆင်ပြေသွားတဲ့အတွက် ကျွန်မ စိတ်သက်သာရရသွားပါတယ်။ ကျွန်မတို့ လက်ထပ်ဖို့ကိစ္စမှာ နောက်ထပ် အနှောင့်အယှက်တွေ ရှိတော့မယ်မဟုတ်ဘူးလို့လဲ မျှော်လင့်ပါတယ်"ဟု စတယ်လာမောရစ်ကပြောသည်။

ဂျူလီယန်အက်ဆင်းသည် ၂၀၀၆ ခုနှစ်တွင် ဝီကီလိခ်စ်(WikiLeaks) အင်တာနက်ဝက်ဆိုက်ကို စတင်တည်ထောင်ခဲ့ကာ အမေရိကန်အစိုးရ၏ အတွင်းရေးသတင်းများကို ဝက်ဆိုက်စာမျက်နှာများပေါ်တွင် တောက်လျှောက်ဖွင့်ချခဲ့သဖြင့် အမေရိကန်နှင့် မိတ်ဖက်တို့၏  မလိုလားမှုကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ 

ကိုးကား
WikiLeaks founder Julian Assange given permission to marry partner Stella Moris in prison
Photo: PA Media

Post a Comment

Previous Post Next Post