ကျောင်းတက်သည့်ဦးရေ တစ်ပတ်အတွင်း ၁ သန်းကျော်ထပ်မံ တိုးတက်လာဟုဆို


နိုဝင်ဘာလ ၁ရက်ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အခြေခံပညာကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊သူအရေအတွက် စုစုပေါင်းဟာ နိုဝင်ဘာ ၈ရက်နေ့အထိ ကိန်းဂဏန်းအချက်အလက်တွေအရ ၂ သန်း ၃ သိန်း ၅ ထောင်ကျော်တက်ရောက်လျှက်ရှိနေတယ်လို့သိရပါတယ်။

ယခင်ပညာသင်နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အလွန်နည်းပါးတဲ့ ကိန်းဂဏန်းတော့ ဖြစ်နေသေးပါတယ်။

နစကဥက္ကဋ္ဌကတော့ ကျောင်းတွေ စတင်ဖွင့်လှစ်ချိန်မှာ  ရာသီတုပ်ကွေး ဖြစ်ပွားမှု၊ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ အကြောင်း အမျိုးမျိုးတွေကြောင့် ကျောင်းတက်ရောက်မှုတွေ နည်းပါးခဲ့တယ်လို့ ပြောဆိုထားတာရှိပါတယ်။ဒါပေမယ့်  တစ်ပတ်အတွင်း ကျောင်းသား ၁ သန်းကျော်ထပ်မံ တိုးတက်လာတာကို တွေ့ရလို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။

ကျောင်းတွေ ပြန်ဖွင့်ရတာက ပညာရေးနဲ့ ပတ်သတ်ပြီး နောက်ကျနေလို့ မရတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ နစ်နာမှုမရှိစေဖို့  ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ စာသင်ကျောင်းတွေကို နှောက်ယှက်နေမှုတွေက အနည်းငယ်သာ ရှိတဲ့အကြောင်း၊ အချို့နေရာတွေမှာတော့ ခြိမ်းခြောက်မှုတွေရှိပြီး ဒါဟာ  မိုက်မဲတဲ့ လုပ်ရပ်၊ နိုင်ငံကိုဒုက္ခပေးခြင်းဖြစ်တယ်လို့လည်း ပြောပါတယ်။

Post a Comment

Previous Post Next Post