မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် တိုင်းရင်းသားပါတီအချို့ တွေ့ဆုံကြမည်

မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် တိုင်းရင်းသားပါတီအချို့ တွေ့ဆုံကြမည်

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်လည်းဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်သည့်  H.E.Mr.Yohei SASAKAWAနှင့် တိုင်းရင်းသားပါတီအချို့ ရန်ကုန်မြို့တွင် ရှေ့တစ်ရက်၊နှစ်ရက်အတွင်း တွေ့ဆုံကြရန် ရှိသည်ဟု တွေ့ဆုံကြမည့် နိုင်ငံရေးပါတီအချို့က ပြောပြသည်။

ကနဦးသတင်းများအရ တွေ့ဆုံကြမည့် နိုင်ငံရေးပါတီများထဲ ရခိုင့်ဦးဆောင်ပါတီ၊ရှမ်းတိုင်ရင်းသားဒီမိုကရက်တစ်ပါတီ၊ဖက်ဒရယ်ပြည်ထောင်စုပါတီတို့ဖြစ်ကြပြီး အခြားသောနိုင်ငံရေးပါတီအချို့လည်း ပါရာ ဆက်လက် မေးမြန်းနေဆဲဖြစ်ပါသည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့အခြေစိုက် ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဌ ဦးစောသန်းမြင့်က “မစ္စတာဆာဆာကာဝါက ငြိမ်းချမ်းရေးကိစ္စကို အထူးဆောင်ရွက်တဲ့သူလေ။ဒီတော့ ငြိမ်းချမ်းရေးကိစ္စပဲ အများဆုံးဆွေးနွေးဖြစ်ကြမယ်ထင်တယ်။ဘာတွေဆက် ဆွေးနွေးကြမယ်ဆိုတာတော့ အသေးစိတ်မသိရသေးဘူး”ဟု ပြောသည်။

မစ္စတာဆာဆာကာဝါနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဖိတ်ကြားလာမှုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတဆင့် ဖိတ်ခြင်းမျိုးမဟုတ်ဟု ၎င်းက ပြောသည်။

ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကလည်း မစ္စတာဆာဆာကာဝါနှင့် တွေ့ဆုံဆွေးနွေးကြမည့် သတင်းကိုအတည်ပြုသည်။

အလားတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်က မစ္စတာဆာဆာကာဝါနှင့် တွေ့ဆုံဆွေးနွေးကြမည့်ထဲ ရခိုင့်ဦးဆောင်ပါတီပါ ပါသည်ဟု ပြောသည်။

 ပုံစာ _  မစ္စတာဆာဆာကာဝါ ယခင်လာခဲ့စဉ်က ယခင်ပုံဟောင်းများဖြစ်ပါသည်။

Post a Comment

Previous Post Next Post