ဆူဒန်ဝန်ကြီးချုပ်သည် တော်လှန်ရေးကို ရောင်းစားခဲ့ဟု ဆန္ဒပြသူတို့ဆို
ခါရ်တွမ်၊ နိုဝင်ဘာ ၂၂
ဆူဒန်နိုင်ငံ အာဏာသိမ်းစစ်ခေါင်းဆောင်က ဆူဒန်ဝန်ကြီးချုပ် အဘ္ဘဒါလာဟမ်းဒေါ့ခ်ကို မူလရာထူးပြန်ပေးပြီး၊ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ပြန်လွှတ်ပေးမည်ဟု တနင်္ဂနွေနေ့က ကတိပြုခဲ့သော်လည်း ဆန္ဒပြသူများမှာ လမ်းမများပေါ်တွင် ဆက်လက်ရှိနေကြဆဲပင်ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘယ်လ်ဖာတာ အယ်လ်ဘာရန်နှင့် ဝန်ကြီးချုပ် ဟမ်းဒေါ့ခ်တို့ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်ကို ယမန်နေ့က လက်မှတ်ထိုးပြီးသည့်နောက်တွင်၊ ဆန္ဒပြသူများက ဟမ်းဒေါ့ခ်သည် တော်လှန်ရေးကို ရောင်းစားခဲ့သည် ဟုလည်း ကြွေးကျော်ကြလာကြသည်။ ဆန္ဒပြရာတွင် ဦးဆောင်အဖွဲ့ဖြစ်သည့် Sudanese Professionals Association(SPA) အဖွဲ့ကလည်း ဟမ်းဒေါ့ခ်တို့ကို သစ္စာမဲ့သူများဟု ခေါ်ဝေါ်လာကြသည်။
ကုလသမဂ္ဂကလည်း ယမန်နေ့က သဘောတူညီချက်ကို ကြိုဆိုခဲ့သလို၊ ဗြိတိန်၊ အမေရိကန်၊ နော်ဝေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဆွစ်ဇာလန်နိုင်ငံတို့ကလည်း ဟမ်းဒေါ့ခ်အား မူလရာထူးပြန်လည်အပ်နှင်းခြင်းကို ကြိုဆိုခဲ့ကြပြီး အခြားနိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရန်ကိုလည်း တိုက်တွန်းခဲ့ကြသည်။
သို့ရာတွင် ဆန္ဒပြသူများက သူရဲကောင်းတစ်ဦးဟုဆိုခဲ့ကြသော ဟမ်းဒေါ့ခ်သည် ယခုအခါ အချို့သူများအတွက် ဗီလိန်တစ်ဦးအဖြစ်သို့ လျှင်မြန်စွာရောက်ရှိသွားသည်။ "ဟမ်းဒေါ့ခ်ဟာ ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ ဆက်ပြီးဆန္ဒပြကြဖို့ပဲရှိတော့တယ်"ဟု ခါတွမ်မြို့တွင် ဆန္ဒပြနေသော အသက် ၂၆ နှစ်အရွယ် အိုမာအီဘရာဟင်ကပြောသည်။
ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘယ်လ်ဖာတာ အယ်လ်ဘာရန်သည် အာဏာသိမ်းပြီး တစ်လနီးပါးခန့်အကြာတွင် အရပ်သားအုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှုကို ပြန်လည်ရယူရန်အတွက် ဝန်ကြီးချုပ် ဟမ်းဒေါ့ခ်နှင့် ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။
ကိုးကား
Sudan military reinstates prime minister, but protests continue(Reuters)
Photo: Getty Images
Post a Comment