ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့၊ NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ ကိုယ်စားလှယ် များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဖေဖော်ဝါရီ ၁၃ ရက်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တို့မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားမှုအခြေအနေ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ၊ နှစ်ဖက် ဆက်လက်တွေ့ဆုံညှိနှိုင်းရေးကိစ္စ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များမှ တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို အလွတ် သဘော ဆွေးနွေးပြောကြားကြသည်။
မွန်းလွဲပိုင်းတွင် … ညှိနှိုင်းရေးကော်မတီသည် LDU အဖွဲ့ ၊ NMSP အဖွဲ့ ၊ DKBA၊ KNU/KNLA-PC အဖွဲ့၊ RCSS အဖွဲ့ ၊ ALP အဖွဲ့ ၊ ULA အဖွဲ့ တို့နှင့် သီးခြားစီတွေ့ဆုံကာ နယ်မြေတည်ငြိမ် အေးချမ်းရေးကိစ္စများဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် မြန်မာ့ငြိမ်းချမ်းရေးသမိုင်းတွင် တခါမှ မရှိဘူးသည့် တဖက်သတ် အပစ်အခတ် ရပ်စဲထားကြောင်းနဲ့ ကြိုတင်ကန့်သတ်ချက် မထားသည့် ဆွေးနွေးပွဲကို ဖိတ်ကြားကြောင်းပြောဆိုထားသည်။
Post a Comment