မကွေးတိုင်းအတွင်း နေရောင်ခြည်စွမ်းအင်သုံးပြီး စိုက်ပျိုးမြေအတွက် မြစ်ရေတင်လုပ်ငန်းပါ ဆောင်ရွက်ဖို့တိုက်တွန်း

မကွေးတိုင်းအတွင်း နေရောင်ခြည်စွမ်းအင်သုံးပြီး စိုက်ပျိုးမြေအတွက် မြစ်ရေတင်လုပ်ငန်းပါ ဆောင်ရွက်ဖို့တိုက်တွန်း

မကွေးတိုင်းသို့ ရောက်ရှိနေသည့်  နစကဥက္ကဋ္ဌသည် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းအတွင်းရှိ စိုက်ပျိုးရေးတောင်သူများအပါအဝင် မြို့မိမြို့ဖများစသည်တို့နှင့် မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေး ပြောကြားခဲ့ရာတွင် တိုင်းအတွင်း  စိုက်ပျိုးမွေးမြူရေးကုန်ထုတ်ပစ္စည်းများကို ပိုမိုထုတ်လုပ်နိုင်ပြီး လူမှုဘဝဖွံ့ ဖြိုးတိုး တက်စေရန် အလေးပေးတိုက်တွန်းခဲ့သည်ဟု နစကပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

စိုက်ပျိုးမြေများ ရေရရှိရေးအတွက် ရှိပြီးဖြစ်သည့် ဧရာဝတီ မြစ်ကိုလည်း စနစ်တကျဖြင့် အသုံးချရန်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ခြင်းမှ စိုက်ပျိုးမြေများအတွက်လိုအပ်သည့် ရေများရရှိရေး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်ကြရန်လည်း တိုက်တွန်းစကားဆိုခဲ့သည်။

နစကဥက္ကဋ္ဌက မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် ရေအားထိန်း၍ရသည့် နေရာများရှိပြီး အဆိုပါနေရာများ၌ တမံနိမ့် (Low head Dam) များဆောက်လုပ်၍ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို သွားလာမှုမပြတ်စေဘဲတစ်နှစ်ပတ်လုံးစိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်၍ရနိုင်ကြောင်း ပါ ပြောသည်။

ယင်းနောက်တိုင်းအတွင်း စိုက်ပျိုးရေးသိပ္ပံကျောင်းများလည်း ထပ်မံဖွင့်လှစ်ဖို့ရှိပြီး  အနည်းဆုံး ၉ တန်းအောင်ချိန်တွင် စိုက်ပျိုးမွေးမြူရေးကျောင်းများကို တက်ရောက်ခြင်း ဖြင့် စိုက်ပျိုးမွေးမြူရေးပညာရပ်များကို ပိုမိုတတ်ကျွမ်းကြမည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

 ညနေပိုင်းတွင် နစကဥက္ကဋ္ဌသည် အဖွဲ့ဝင် များလိုက်ပါ၍ မကွေးမြို့ရှိမြသလွန်စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်ဟုသိရသည်။

Post a Comment

Previous Post Next Post