တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မဖြစ်မနေတက်ရောက်သင့်သည့်(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား

အခု နစက ကျင်းပမယ့် ပြည်ထောင်စုနေ့ဟာ စိန်ရတု အထိမ်းအမှတ်ဖြစ်တာကြောင့် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ဖို့စီစဉ်ထားတာကို တွေ့ရတယ်။ ဗိုလ်ရှုသဘင် ပါမယ်၊ တိုင်းနဲ့ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့တွေ၊ အလှပြယာဉ်တွေနဲ့ အခြားအစီ အစဉ်တွေပါမယ်။ အဲဒါတွေထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ နစကရဲ့ ကြေညာချက်ပဲ။ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက် စဉ်ကာလအတွင်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက်ကျင်းပမည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တက်ရောက် ဆွေးနွေးကြပါရန် အထူး ဖိတ်ကြား အပ်ပါသည်လို့ ထုတ်ပြန်ခဲ့တယ်။ ဒါဟာ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေထဲမှာ အတော်လေးထူးခြားတယ်။ ကြုံကြိုက်ကြုံခဲလို့တောင် ပြောလို့ရတယ်။ ကြေညာချက်ထဲမှာ ပါတဲ့အချက်တွေကို ကြည့်မယ်ဆိုရင် EAO တွေအနေနဲ့ ဒီအစည်းအဝေးဟာ မဖြစ်မနေ တက်သင့်တဲ့ အစည်းအဝေးဖြစ်တယ်လို့ ဆိုနိုင်တယ်။
 ဘာကြောင့်တက်သင့်လဲလို့ မေးမယ်ဆိုရင် နံပါတ် (၁) အခုဖိတ်ခေါ်နေတာက အစိုးရနဲ့ NCA ထိုးထားတဲ့ EAO တွေတင်မဟုတ်ဘူး။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေကိုပါ တက်ရောက်ပါလို့ ဖိတ်ကြားထားတာ။ အဲဒီအဖွဲ့တွေက စေလွှတ်မယ့် ကိုယ်စားလှယ်တွေ ကိုလည်း မှဲ့တစ်ပေါက်တောင် မစွန်းစေရဘူးလို့ အာမခံနဲ့ ကတိကဝတ်ပြုထားတယ်။ နိုင်ငံ တကာကိုပါသိအောင် ကြေညာထားတယ်။ သွားရေးလာရေး အခက်အခဲရှိတယ်ဆိုရင်တောင် အဲဒီ EAO အဖွဲ့တွေ ရှိတဲ့နေရာနဲ့ အနီးဆုံးအထိ တပ်မတော်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ နဲ့ အကြိုအပို့ လုပ်ပေးမယ်လို့ပါတယ်။ ပြောရမယ်ဆိုရင် အစည်းအဝေးလာတက်ဖို့ ဘာကန့် သတ်ချက်မှမရှိဘူး။ တစ်ခုတော့ရှိတယ်။ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အဖွဲ့တွေ ကိုတော့ ဘယ်တော့မှ မညှိနှိုင်းဘူးတဲ့။ “အမေရိကန်သည် အကြမ်းဖက်သမားများနှင့် ဘယ်တော့မှ မညှိနှိုင်းပါ” လို့ ဟောလီးဝုဒ်ကားတွေမှာ ပါသလိုပေါ့။ နံပါတ် (၂) အခုကျင်းပ မယ့် အစည်းအဝေးဟာ အရင်တုန်းကလုပ်တဲ့ အစည်းအဝေးတွေလို ဆွေးနွေးမယ့်ခေါင်းစဉ် ကို ကြိုတင်ညှိနှိုင်းစရာမလိုဘဲ EAO တွေရဲ့ဆန္ဒတွေ၊ လိုလားချက်တွေ၊ ဖြစ်ချင်နေတာတွေ ကို ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးလို့ရမယ်၊ ပြောခွင့်ရမယ်လို့ အာမခံထားတယ်။ ဒီအချက်တွေ ကို နစကအနေနဲ့ ကြေညာချက် ထုတ်ပြန်တယ်ဆိုကတည်းက ပြည်တွင်းကိုရော ပြည်ပကိုပါ တရားဝင်အာမခံချက် ပေးလိုက်တာပါပဲ။
 တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကြည့်မယ်ဆိုရင်လည်း ဒါဟာ အင်မတန် ထူးခြားတဲ့ အစည်းအဝေးဖြစ်သလို မြန်မာ့သမိုင်းမှာ ကြုံကြိုက်ကြုံခဲ နိုင်ငံရေးဖြစ်စဉ် တစ်ခု ပါပဲ။ လက်ရှိ အစိုးရဖြစ်နေတဲ့ နစကနဲ့ တန်းတူပြောခွင့်ဆိုခွင့်၊ ကိုယ့်လူမျိုးတွေ ဖြစ်ချင်တာ ကို ပွင့်ပွင့်လင်းလင်း စားပွဲဝိုင်းပေါ်မှာ ပြောခွင့်ဆိုတာတွေဟာ အင်မတန်ရှားပါးပြီး အဖိုးတန် အခွင့်အရေးလို့ ပြောလို့ရတယ်။ နစကဥက္ကဋ္ဌကြီးကလည်း ဒီနှစ်ဟာ ငြိမ်းချမ်းရေးအတွက် အရေး ကြီးတဲ့ နှစ်ပဲလို့ ဖေဖော်ဝါရီ ၁ ရက်နေ့က မိန့်ခွန်းမှာ ပြောသွားတာရှိတယ်။ လက်နက်ကိုင်ပြီး တိုက်နေတာ နှစ် ၇၀ ကျော်ပြီ၊ အခုထိ တိုက်တိုက်ဆိုင်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ် ခဲ့တာ လက်ချိုးရေလို့ရတယ်။ လက်နက်ကိုင်လမ်းစဉ်ဟာ ကိုယ့်လူမျိုးတွေအတွက် ပျက်စီး စေတာကို သိတဲ့ EAO တွေက စားပွဲဝိုင်းမှာ လာဆွေးနွေးရင်း NCA စာချုပ်လက်မှတ် ထိုးနိုင် ပြီး အချို့ဒေသတွေမှာ ငြိမ်းချမ်းရေး အသီးအပွင့်တွေ ခံစားနေရတာကို အားလုံးအမြင်ပဲဖြစ် တယ်။ ဒီလို ကြုံကြိုက်ကြုံခဲ အားလုံးပါဝင် ဆွေးနွေးခွင့်ရမယ့် ငြိမ်းချမ်းရေးအစည်းအဝေးကို လာမတက်ဘူးဆိုရင် မိုက်မဲရာကျတယ်လို့ EAO တွေ သိသင့်ပါတယ်။ ဒီအစည်းအဝေးဟာ ကန့်သတ်ချက်တွေမရှိဘဲ ကိုယ့်အဖွဲ့ရဲ့ လိုလားချက်တွေကို နိုင်ငံတကာနဲ့ ပြည်တွင်းက ပြည်သူတွေကို အသိပေးနိုင်တဲ့ပွဲမို့ လာမတက်ဘူးဆိုရင် ဘယ်လိုပွဲမျိုးကိုမှ တက်ချင်တာ လဲ…?လို့ တိုင်းရင်းသားတွေက သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မေးခွန်းထုတ် စရာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ငြိမ်းချမ်းရေး အစည်းအဝေးဟာ မြန်မာနိုင်ငံမှာရှိတဲ့ EAO တွေ မဖြစ်မနေ တက်သင့်တဲ့ ပွဲတစ်ခုဖြစ်တယ် လို့ သုံးသပ်ရပါတယ်။

ဘုန်းလူ

Post a Comment

Previous Post Next Post