စစ်မှုထမ်းဟောင်းများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိမိ မိသားစုကိုထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကာ အပျော်အပါး၊အသောက်အစား၊အလောင်း အစားများအား တစ်ဦးချင်းကိုယ်စီအသိစိတ်ဖြင့် ရှောင်ကြဉ်ကြရန်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ဇန်နဝါရီ ၂၃ ရက်တွင် မန္တလေးမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)မှ စစ်မှုထမ်း ဟောင်းများနှင့်မိသားစုဝင်များအား တွေ့ဆုံစဥ်မှာကြားခဲ့သည်။
"စစ်မှုထမ်းဟောင်းတွေနဲ့မိသားစုဝင်တွေရဲ့ လူမှုစီးပွားဘဝကို အတိုင်းအတာတစ်ခုအထိ အဆင် ပြေအောင်ရပ်တည်နေထိုင်နိုင်ရေးအတွက် အမြဲတမ်းစဉ်းစားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်"ဟုပြောသည်။
ရှိရင်းစွဲလုပ်ငန်းများအားအကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေအနေ အရပ်ရပ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား လုပ်ဆောင်နေရလျက်ရှိသည်ဟုပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ နိုင်ငံတော်အနေဖြင့် ဘက်ဂျက်ကန့်သတ်ချက်ရှိကာ တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့်မိသားစုဝင်များ၏ သက် သာချောင်ချိရေးလုပ်ငန်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခများ ပြည့်မီစွာပေးသွင်း၍ ဆောင်ရွက်ခဲ့သည်။လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ပြီး အခွင့်အရေး များ တောင်းဆိုခဲ့ခြင်းမရှိဟု နစက ဥက္ကဋ္ဌကပြောသည်။
"ရရှိလာတဲ့အကျိုးအမြတ်တွေကနေ အခုလို တပ်မတော်သား၊စစ်မှုထမ်းဟောင်းတွေ မိသားစုဝင်တွေရဲ့ သက်သာချောင်ချိရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
"ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေကို လုပ်လို့ရပေမယ့်လည်း နည်းလမ်းမကျတဲ့ သောက်စားပျော်ပါးပျော်ရွှင်မှုတွေကို မလုပ်ဆောင်ကြစေလိုဘူး"ဟုပြောသည်။
စစ်မှုထမ်းဟောင်းအိမ်ယာ၌နေထိုင်သည် စစ်မှု ထမ်းဟောင်းများသည် ဆွေရင်းမျိုးရင်းများမဟုတ်သော်လည်း သွေးသားမတော်စပ်သည့် မိသားစုများဖြစ်၍ ညီအကို၊ညီအစ်မ၊မောင်ရင်းနှမသဖွယ် စိတ်ဓာတ်ဖြင့် နေထိုင်ကြရမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။
စစ်မှုထမ်းဟောင်းများအနေဖြင့် မိမိတို့၏ သားသမီးများ လူမှုဘဝမြင့်မားရေး၊ဘဝတစ်လျှောက်အေးချမ်းသာယာစွာဖြတ်သန်းနိုင်ရေးအတွက် ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ကာ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်က လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိ၍ မိမိတို့ သားသမီးများ၏ ပညာရေးကိုအားပေးဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။
Post a Comment