မပြီးနိုင်တဲ့ .... သပိတ်...

အာဏာထိန်းပြီးကတည်းက တစ်နေ့တစ်မျိုး မရိုးတဲ့ သပိတ်တွေ (အနည်းဆုံး အမျိုးပေါင်းနှစ်ရာကျော်) နဲ့ လက်သုံးချောင်းထောင်လာကြပြီးတဲ့နောက် အခုဆိုရင် အာဏာထိန်းကာလသက်တမ်း တစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ 

တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ နံနက် (၁၀) နာရီကနေ ညနေ (၄) နာရီထိက ထုံးစံအတိုင်း Silent Protest ဖြစ်ပြီးတော့ ညနေ (၄) နာရီမှာတော့ လက်ခုပ်တီးကြပါမယ် တဲ့။ တကယ်မေးတာပါ။ အဲဒီလိုလုပ်တော့ ဘာတွေထူးခြားသွားမှာလဲ။ ဆန္ဒပြကြကြေးဆိုရင် ထိုင်းတွေ၊ ထိုင်ဝမ်ကျောင်းသားတွေက ဒီကကောင်တွေထက်တောင် ပိုပြီး စုစုစည်းစည်း စမတ်ကျကျ မီဒီယာအာရုံစိုက်မှုရအောင် လုပ်နိုင်ခဲ့ကြသေးတယ်။ မေးခွန်းက .. လုပ်ပြီး ဘာဆက်ဖြစ်လာလဲ။ 

တစ်ခုတော့ရှိတယ်။ အခန့်မသင့်ရင် ဗုံးလိုက်ပစ်မှာကို စိတ်ပူရတဲ့အတွက် အုံနဲ့ကျင်းနဲ့ ဆိုင်တွေပိတ်ပြီး လူသွားလူလာပြတ်သွားတာတွေဖြစ်ရင် အစိုးရတော့ နည်းနည်းပုံရိပ်ကျတာပေါ့။ 

အဲဒီတော့ ဘာလုပ်မလဲ။ 

ပထမတစ်နည်းက အကြမ်းဖက်တွေက Silent Protest လုပ်ဖို့ ကြွေးကြော်ထားတဲ့ အဲဒီနေ့မှာ ကင်းလှည့်ကြည့်ပေါ့။ ပိတ်ထားတဲ့ဆိုင်တွေတွေ့ရင် မှတ်တမ်းလေး ဘာလေး တိတ်တဆိတ်ယူထား။ ဘာမှဆက်မလုပ်ချင်ရင်တောင် Record တော့ ရတာပေါ့။ ခါတိုင်းနေ့တွေမှာ ဆိုင်ပိတ်တာနဲ့ ဒီလိုနေ့တွေမှာ ပိတ်တာက မတူဘူးလေ။ သိတယ်မဟုတ်လား။ တချို့ကိစ္စတွေက မတားဘဲ လွှတ်ပေးထားပြီးမှ နောက်ဆက်တွဲတွေလုပ်တာ ပိုကောင်းတယ်။

ဒုတိယတစ်နည်းက သူတို့ရဲ့ Silent Protest ကို အာရုံလွှဲဖို့ အကြောင်းအရာတစ်ခုခု ဖန်တီးလိုက်တာမျိုးပေါ့။ အရင်ကဆို D Day ကြေညာထားတဲ့နေ့မှာ အကျဉ်းသားတွေ လွှတ်ပစ်လိုက်တယ်။ အားလုံးပွဲဆူပြီး D Day ကို ဖုံးသွားတယ်။ အဲဒီလို ထပ်လုပ်ဖို့ ကျွန်တော်မပြောဘူးနော်။ တစ်နည်းနည်းနဲ့ လမ်းကြောင်းလွှဲဖို့ပဲ ပြောတာ။ 

အဲဒီလို လမ်းကြောင်းလွှဲပြီး မီဒီယာအာရုံစိုက်မှု လမ်းလွှဲပစ်တာကအစ Perception Management ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ 
အီရတ်မှာ အမေရိကန်တပ်တွေ တိုက်ပွဲအကြီးအကျယ် နွှဲနေတာကို လမ်းကြောင်းလွှဲဖို့ Saddam Hussein ရဲ့ ရုပ်တုကြီးကိုဖြိုချပစ်သလိုပေါ့။ ဆက်တွေးကြည့်ပါ။ 

တတိယတစ်ချက်က ဒီသပိတ်ကို နိုင်ငံပိုင်မီဒီယာတွေပေါ်ထိတင်ပြီး "အကြမ်းဖက်တွေက မည်မျှပင် လှုံ့ဆော်စေကာမူ အသွားအလာမပျက်ကြောင်း" ပေါ်တင်ကြီး တက်မဖာပါနဲ့။ ရုပ်ပေါက်ပါတယ်။ အဖက်ကိုမလုပ်ပါနဲ့။ မရှိခဲ့တဲ့ကိစ္စလို ကျော်သွားလိုက်ပါ။ 

နောက်ဆုံးတစ်ချက်က ပြီးခဲ့တဲ့တစ်ခေါက်က သပိတ်ကို အတွေ့အကြုံယူပါ။ လုံခြုံရေး တာဝန်မယူနိုင်ရင် ပိုဆိုးပါတယ်။ လုံခြုံရေးကို ပိုတာဝန်ယူပါ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်စေ၊ သပိတ်တွေထဲမှာ ပူးပေါင်းပါဝင်တဲ့ ဆိုင်တွေကို စောင့်ကြည့်ပါ။ တစ်ခါကနေ နှစ်ခါ... နှစ်ခါကနေ သုံးခါ... စောင့်ကြည့်ခံဖြစ်လာရင် တစ်ခုခုတော့ ထူးခြားလာပါလိမ့်မယ်။ 

ဒီထက်ပိုပြောရရင် ဒီသပိတ်မှာ နှစ်ပိုင်းပါပါတယ်။ ဒုတိယတစ်ပိုင်းက လက်ခုပ်တီးတာပါတဲ့။ စောင့်ကြည့်ပါ။ သတ်မှတ်ထားတဲ့အချိန်မှာ ဘယ်သူတွေ လက်ခုပ်တီးကြမလဲ။ လက်ခုပ်တီးကြမယ့် မှတ်တမ်းတွေကို ဘယ်သူတွေက Facebook ပေါ် တင်ကြမလဲ။ 
နည်းနည်းတော့ အလုပ်များမှာပေါ့။ 

ကျွန်တော့်သဘောပြောရရင်တော့ ဆိုင်တွေပိတ်တာကတော့ စိတ်မလုံခြုံမှုကြောင့် ဖြစ်နိုင်ပေမဲ့ လက်ခုပ်တီးတာကတော့ မိမိဆန္ဒအရ လုပ်ဆောင်တဲ့ Radicals တွေဖြစ်နိုင်ပါတယ်။ လက်ခုပ်တီးသံတွေ နည်းရင်နည်းသလို သူတို့ရဲ့သပိတ် ကျရှုံးကြောင်း နားလည်ဖို့လိုပါတယ်။ 

ပြီးခဲ့တဲ့သပိတ်မှာလည်း ဆိုင်တွေပိတ်ကြပေမဲ့ ဝတ်စုံနက်ကြီးတွေနဲ့ လမ်းထွက်တဲ့လူ ဘယ်နှယောက် ရှိခဲ့လို့လဲ။ 

ဒီတော့ စေတနာဖြင့် အကြံပြုရသည်ရှိသော်...

- Silent Protest လုပ်ကြမယ်လား။ လုပ်ကြပါစေ။ ဒါ သူတို့ရဲ့ အခွင့်အရေးပါပဲ။ ဘာမှမပြောဘဲ စောင့်ကြည့်ပါ။ မှတ်တမ်းယူပါ။ 

- Protest မှန်သမျှဟာ မီဒီယာ အာရုံစိုက်မှုရအောင် လုပ်တာပါ။ သူတို့ထက်ကြီးတဲ့ပွဲတစ်ခုခုနဲ့ မီဒီယာကို ဖုံးပစ်လိုက်ပါ။ 

- တကယ့် သော့ချက်က လက်ခုပ်တီးကြတဲ့လူတွေဆီမှာ ရှိပါတယ်။ အဲဒါကမှ တကယ့် တက်ကြွတဲ့ ဆန္ဒပြသမား၊ အကြမ်းဖက်အားပေးတွေမို့ အဲဒီကိစ္စရဲ့ ဗီဒီယိုမှတ်တမ်းတွေကို ရအောင်လိုက်စေချင်ပါတယ်။ 

- အရေးအကြီးဆုံးက ဒီသပိတ်နဲ့ ပတ်သက်တဲ့ ဘယ်လိုသတင်းကိုမှ နိုင်ငံပိုင်မီဒီယာပေါ်မတင်နဲ့။ အဖက်မလုပ်ပါနဲ့။ လုပ်စရာမလိုဘူး။ 

တကယ်တမ်းပြောရရင် အကြမ်းဖက်တွေအနေနဲ့ အစိုးရလုံးဝအုပ်ချုပ်လို့မရဖို့ နည်းပေါင်းစုံ သုံးခဲ့ကြပြီးပြီ။ အစိုးရယန္တရားကြီး ပြိုကျဖို့ CDM လည်း လုပ်ခဲ့ကြပြီးပြီ။ ဝန်ထမ်းအင်အားစုအချို့ တစ်ပြိုင်နက် အလုပ်ထွက်ခဲ့ကြပြီးပြီ။ Covid Outbreak ကိုလည်း နိုင်ငံရေးအတွက် အသုံးချခဲ့ပြီးပြီ။

စာသင်ကျောင်းတွေ ဆေးရုံတွေပိတ်ပြီး နိုင်ငံတော်ရဲ့ အခြေခံဝန်ဆောင်မှုတွေ ရပ်သွားအောင်လည်း လုပ်ခဲ့ကြပြီးပြီ။ လက်နက်ကိုင်တောခိုပြီး မြို့တော်ထိလည်း စစ်မြှူခဲ့ကြပြီးပြီ။ ကုလသမဂ္ဂမှာလည်း နေရာလုခဲ့ကြပြီးပြီ။ 

နိုင်ငံတော်လည်း အထိနာသင့်သလောက် နာခဲ့ပြီးပြီ။ ပြည်သူတွေလည်း ကြပ်တည်းသင့်သလောက် ကြပ်တည်းနေပြီးပြီ။ 

ဒီလိုအခြေအနေနဲ့တောင် ဒီအထိ ရောက်လာခဲ့ပြီးပြီ မဟုတ်လား။ အချုပ်အခြာအာဏာကို မထိခိုက်နိုင်မယ့်အတူတူ ပေါတောတော သပိတ်လောက်လေးကို အတင်းကြီး ခံစားမနေပါနဲ့။ ဒီလောက်လေးနဲ့ မဲသူခိုးတွေပြန်တက်မလာပါဘူးလေ....

စိတ်ထွက်ပေါက်ရအောင် သပိတ်မှောက်ကြပါစေ

သန့်နေစိုး (23. Jan. 2022)
*
*
*

Post a Comment

Previous Post Next Post