PDF လူငယ် ခေါင်းဆောင်
လူငယ်တစ်ယောက်က ဒီလိုပြောလာတာ
အံ့အော မင်သက် မိစေပါတယ်။
ကျွန်တော်တို့က စစ်အာဏာရှင်ကို တော်လှန်ရင်း လက်နက်ကိုင် အာဏာရှင် ပေါက်စတွေ
ဖြစ်ကုန်ကြပြီဗျာ။
သူ တွေတွေ ငေးငေးဖြင့် အဝေးသို့
လှမ်းကြည့်သည်။
ကျွန်တော်တို့ စမှားတာက CDM
ဒါက အလုံးစုံ ပျက်သုံးရေးပဲဗျ၊
လူမှု့ ဝန်ဆောင်မှုတွေကို ဖျက်ဆီးပစ်လိုက်တာ။
ပြည်သူတွေ အထိနာတယ်။
အထူးသဖြင့် ပညာ၊ကျန်းမာက
ပထမတော့ အချိန်တိုအတွင်း ပြီးသွားမယ် ထင်လို့
သူတို့ CDM လုပ်ကြတာ။
နောက်တော့ သူတို့ ပြန်ဝင်မဲ့ အရိပ်အယောင် မြင်တော့ နောက်လှည့်လို့ မရအောင်
ကျွန်တော်တို့ ခြိမ်းခြောက် ဖိအားပေးခဲ့ကြတယ်။
သူ တွေးတွေးဆဆဖြင့်ဆက်ပြောသည်။
ဒီလက်နက်ကိုင် တော်လှန်ရေးက
ဒေသတစ်ခုချင်းကို စီးပွားပျက်စေတယ်။
ကျွန်တော်တို့ တော်လှန်ရေးအတွက်
လက်နက် ဝယ်ဖို့ ငွေ လိုတယ်။
ဒီတော့ ပြည်သူတွေဆီက အလှူခံ ရတယ်။
စစ်က ကြာလာလေ ပိုထိခိုက်လေဆိုတော့
သူတို့ မလှူနိုင်ကြတော့ဘူး။
ဒီတော့ ဆပ်ကြေး သဘောမျိုး ကောက်ရတာတွေ ခြိမ်းခြောက် အင်အား ပြရတာတွေ ရှိလာတယ်။
သူ့ အသံ တိုးတိုးဖြင့် ဆက်ပြောသည်။
ဒလံရှင်း လူသတ်တာမျိုးပေါ့။
ဒီလိုနဲ့ ကျွန်တော်တို့တွေက .......
အာဏာပြ လူ့အဖွဲ့အစည်း ဖြစ်လာတာပဲ။
ဒါက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိပါးတာ။
သူ သက်ပြင်းရှည်ကြီးချသည်။
ကျွန်တော်တို့က ပြည်သူ့ရန်သူ
ဖြစ်မှန်း မသိ ဖြစ်လာပြီ။
သူ့ အသံက ငိုသံ ပါနေသည်။
အကြောက်တရားက ဘယ်တော့မှ မကောင်းဘူး။
လူတစ်ယောက်က တစ်ခြားသူ တစ်ယောက်ကိုဖြစ်ဖြစ်၊အဖွဲ့အစည်းတစ်ခုခုကိုဖြစ်ဖြစ် ကြောက်ရတာ
မကောင်းဘူး။
အကြောက်တရားက အမုန်းတရား ဖြစ်စေတယ်။
သူ မျက်ရည်စတွေကို သုတ်လိုက်သည်။
ကျွန်တော် သေမှာမကြောက်ဘူး။
ဒါပေမဲ့ ဒါက ထိုက်တန်သလား၊ မေးမိတယ်။
ကျွန်တော် သတ်ဖို့ လက်တွန့်တယ်၊
ကျွန်တော်တို့ သတ်နေတာ ပြည်သူတွေလေ။
စစ်တပ်ကို တိုက်ရတာမဟုတ်ဘူး၊
လက်နက် မရှိတာ အကြောင်းပြပြီး
မိုင်းထောင်ရတာ၊ ဒလံစွတ်စွဲ လူသတ်ရတာ။
တကယ် ထိခိုက်တာက ပြည်သူပဲ။
ကျွန်တော် စိတ်မကောင်းပါဘူး၊
တောင်းပန်ပါတယ်၊
ကျွန်တော် စိတ်မကောင်းပါဘူးဗျာ။
ကျွန်တော်တို့ ရပ်သင့်ပြီ၊
ရွေးချယ်စရာ ၂ ခုပဲ ကျန်တယ်။
အသေခံပီး ရှုံးမလား၊
အသက်ရှင်လျှက် ရှုံးမလား၊
ဒါပါပဲဗျာ။
နေလုံးနီနီက အနောက် ဂေါယာသို့
ခေါင်းလျှိုးစ ပြုလာပေပြီ။
သူ ထွက်သွားသည်။
ဦးတည်ချက်မရှိ။
ခြေဦးတည့်ရာ လမ်းမရှိသည့်လမ်း၊
သူ့အတွက် မနက်ဖန် ရှိစေချင်ပါသည်။
#ယောနသံ ဇင်ယော်
Post a Comment