ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ ကြေညာချက် အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ကန့်ကွက်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ ကြေညာချက် အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ကန့်ကွက်

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀တို့ စုပေါင်းဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏(၂၁/၂၀၂၁)ထုတ်ပြန်ချက်အပေါ် ကန့်ကွက်သတိပေးကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက နိုဝင်ဘာ၈ရက်က အဆိုပါ ဦးဆောင်အဖွဲ့ထံ စာပို့ ကန့်ကွက်ခဲ့သည်။

PPST အစည်းအဝေး (၂၁/၂၀၂၁) ထုတ်ပြန်ချက်၏ အပိုဒ်(၆)တွင် “စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်"ဆိုသော စကားရပ် ဖော်ပြထားမှုအပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကPPSTထံ ပေးပို့သည့် ကန့်ကွက်စာထဲ “ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်သည် အကြမ်းဖက်သမားများကသာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ရာ စစ်ကောင်စီ (တစ်နည်း) တပ်မတော်အား PPST က အကြမ်းဖက်အဖြစ် စွပ်စွဲ ထားသည့်သဘော သက်ရောက်နေကြောင်း တွေ့ရှိရသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ကျေးရွာများ၊ မြို့ရွာများအတွင်း တိုက်ပွဲဖြစ်ပွားပါက လူနေအိမ်များ၊ သာသနိကအဆောက်အဦးများ၊ ဆေးရုံ၊ စာသင်ကျောင်းများ အပါအဝင် ဥပဒေနှင့်အညီ နေထိုင်ကြသော ပြည်သူလူထုနှင့် သက်ဆိုင်သည့် နေရာများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ ဖျက်ဆီးမှုများ လုံးဝ(လုံးဝ) မပြုလုပ်ရသည့်အပြင် ပြုလုပ်ရန်လည်း မူဝါဒ/ ညွှန်ကြားချက် မရှိကြောင်းနှင့် အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ဆောင်ချက်ကြောင့် ပျက်စီးမှုများကိုပင် သက်ဆိုင်ရာနယ်မြေရှိ ပြည်သူလူထုနှင့်ပူးပေါင်း၍ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်သည်။ သို့ရာတွင် PPST အနေဖြင့် ဖြစ်စဉ်အမှန်ကို တိတိကျကျ သိရှိခြင်းမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများ၏ အထောက်အထားမဲ့ ရေးသားဖော်ပြနေသည့် Social Media များအား ဖတ်ရှုပြီး တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲရေးသား ထုတ်ဖော်မှုများသည် NCA အခန်း(၃)၊ အပိုဒ် ၅(စ)ပါအချက်အား ဖောက်ဖျက်ကျူးလွန်နေကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ PPST ၏ ရည်ညွှန်းစာဖြင့် ထုတ်ပြန်ကြေညာချက်ပါ အပိုဒ်(၆)အား NCA ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်၍ လိုအပ်သလို ပြန်လည်ပြင်ဆင်သွားရန် အကြောင်းကြားသည်”ဟု ဒုတိယဗိုလ်ချုပ်ကြီး မင်း​နောင်၏ လက်မှတ်ရေးထိုးမှုဖြင့် တွေ့ရှိရသည်။

Website တွေ ဖတ်ရှုရန် >> https://wp.me/paRxJm-guZ

Post a Comment

Previous Post Next Post