KIAက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဝိုင်းမော်မှ လူငယ်နှစ်ဦးကို ပြန်လွတ်ပေးဖို့ မိသားစုဝင်များ တောင်းဆိုထားသော်လည်း လွတ်မြောက်လာခြင်း မရှိသေ

KIAက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဝိုင်းမော်မှ လူငယ်နှစ်ဦးကို ပြန်လွတ်ပေးဖို့ မိသားစုဝင်များ တောင်းဆိုထားသော်လည်း လွတ်မြောက်လာခြင်း မရှိသေး

ဝိုင်းမော်၊ နိုဝင်ဘာ-၅(PeopleMedia)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ လူငယ်နှစ်ဦးကို KIA ကဖမ်းဆီးခေါ်ဆောင်သွားသဖြင့် မိသားစုဝင်များက ပြန်လွတ်ပေးရန် တောင်းဆိုထားသော်လည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ဦးမှာ ဝိုင်းမော်မြို့ရပ်ကွက် ၂ တွင် နေထိုင်သူများ ဖြစ်ပြီး  KIA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားကြောင်းကို နိုဝင်ဘာလ တစ်ရက်‌နေ့ခန့်က အဆက်အသွယ်ရ၍ KIA ထံ ပြန်လွတ်ပေးရန်တောင်းဆိုထားသော်လည်း ယနေ့ထိပြန်လွတ်လာခြင်း မရှိသေးကြောင်း ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးနှင့် ဆွေမျိုးတော်စပ်သူက ဆိုသည်။

''ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကလေးနှစ်ယောက်နဲ့တော့ဆက်သွယ်လို့မရဘူး ခေါ်သွားတဲ့ လူတွေနဲ့တော့ ဆက်သွယ်လို့ရတယ်။ အဖမ်းခံရတဲ့ ကလေးနှစ်ယောက်က ငယ်သေးတယ်။ အဲ့ဒါကြောင့် ပြန်လွတ်ပေးဖို့တောင်းဆိုနေတာ မလွတ်ပေးဘူး''ဟု ၎င်းက ဆိုသည်။

ကေအိုင်အေက ဖမ်းဆီးထားသည့် ယင်းလူငယ်နှစ်ဦးမှာ တစ်ဦးနှင့် တစ်ဦး ဆွေမျိုးတော်စပ်သူများ ဖြစ်ကာ ဖမ်းဆီးခံရသည်မှာ ငါးရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းလူငယ်နှစ်ဦးမှာ ဆယ်ကျော်သက်အရွယ်များ ဖြစ်ကြပြီး မည်သည့်နေရာတွင် ဖမ်းဆီးလိုက်ပြီး မည်သည့်နေရာသို့ ပို့ဆောင်ထားသည်ကိုလည်း မသိရကြောင်းနှင့်  KIA လက်နက်ကိုင်အဖွဲ့ထံ မိသားစုဝင်များက ပြန်လွတ်ပေးဖို့ တောင်းဆိုထားသော်လည်း ပြန်လွတ်ပေးခြင်းမရှိကြောင်း သိရသည်။

အောင်ဂျာ

#PeopleMedia #KIA #ဝိုင်းမော်မြို့

Post a Comment

Previous Post Next Post