COVID-19 ဗီဇမျိုးကွဲသစ်တွေ့ရှိသည့် အာဖရိက ၇ နိုင်ငံကို အစ္စရေးနိုင်ငံပြည်ဝင်ခွင့်ပိတ်ပင်ထား

COVID-19 ဗီဇမျိုးကွဲသစ်တွေ့ရှိသည့် အာဖရိက ၇ နိုင်ငံကို အစ္စရေးနိုင်ငံပြည်ဝင်ခွင့်ပိတ်ပင်ထား 

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၆ ရက် (PeopleMedia) 

တောင်အာဖရိကတွင် COVID-19 ဗီဇမျိုးကွဲအသစ်ကို တွေ့ရှိပြီးနောက် အာဖရိကနိုင်ငံ ခုနစ်နိုင်ငံမှ ခရီးသွားများကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ကြောင်း အစ္စရေးနိုင်ငံက နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

 “ဗီဇမျိုးကွဲများစွာရှိသည့်အနက် ပြင်းထန်စွာပြောင်းလဲတတ်သော ဗီဇမျိုးကွဲ B.1.1529 ဟုသိကြသော ဗီဇမျိုးကွဲအား တောင်အာဖရိကနိုင်ငံ၊ လီဆိုသိုနိုင်ငံ၊ ဘော့စ်ဝါနာနိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ မိုဇမ်ဘစ်နိုင်ငံ၊ နမီးဘီးယားနိုင်ငံ နှင့် အက်စ်ဝါတီနီနိုင်ငံတို့တွင် တွေ့ရှိခဲ့သောကြောင့် ၎င်းတို့ကို "အနီရောင်နိုင်ငံများ" အဖြစ် စာရင်းထည့်သွင်းရန်  အစ္စရေးဝန်ကြီးချုပ် Naftali Bennett နှင့် ကျန်းမာရေးဝန်ကြီး Nitzan Horwitz တို့က ဆုံးဖြတ်ခဲ့ကြောင်း’’ ဝန်ကြီးချုပ်ရုံး၏  ကြေညာချက်တွင် ဖော်ပြထားသည်။

 “အဲဒီနိုင်ငံတွေက နိုင်ငံခြားသားတွေ အစ္စရေးနိုင်ငံထဲကို  ဝင်ရောက်ခွင့်မရှိနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါနိုင်ငံများသို့ ခရီးစဉ်များမှ နေရပ်သို့ ပြန်လာသော အစ္စရေးနိုင်ငံသားများအနေဖြင့်  ကာကွယ်ဆေးအပြည့်ထိုးထားပြီးဖြစ်သော်ငြားလည်း သတ်မှတ်ထားသော သီးခြားခွဲနေထိုင်ရသည့် မိုတယ်တွင် ခုနစ်ရက်ကြာနေရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ 

၎င်းတို့အနေဖြင့် PCR စမ်းသပ်မှုနှစ်ကြိမ်အပြီး  ပိုးတွေ့ရှိမှုမရှိပါက ထွက်ခွာနိုင်မည်ဖြစ်သည်။ ရောဂါစစ်ဆေးမှုခံယူရန် ငြင်းဆိုထားသည့် ခရီးသွားများအနေဖြင့် ၁၂ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရန်  (quarantine) လိုအပ်ကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံရှိ သိပ္ပံပညာရှင်များအနေဖြင့်  ၎င်းတို့သည် COVID-19 မျိုးကွဲအသစ်ကို တွေ့ရှိခဲ့ပြီး ၎င်း၏သက်ရောက်မှုများကို လေ့လာနေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။  (Xinhua)

#PeopleMedia #နိုင်ငံတကာ #COVID19

Post a Comment

Previous Post Next Post