အမေရိကန် CIA လက်ထောက်ညွှန်ကြားရေးမှူး နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်တို့ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ လုံခြုံရေးအခြေအနေကိစ္စပါဝင်
ရန်ကုန်၊ နိုဝင်ဘာ ၂၀
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ လက်ထောက်ညွှန်ကြားရေးမှူး David Cohen သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လုံခြုံရေးအခြေအနေများကိုပါ ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနအပါအဝင် ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရှိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ တွင် စတင်ခဲ့သော တရားဝင်ထုတ်ပြန် အသိပေးခြင်းမရှိသည့် တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်သည် ၄၅ မိနစ်ခန့်ကြာ CIA လက်ထောက်ညွှန်ကြားရေးမှူးနှင့် အစိုးရအိမ်တော်တွင် တွေ့ဆုံခဲ့ကြကြောင်း၊ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မီဒီယာများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။
ဒေသတွင်း တည်ငြိမ်ရေး၊ မြန်မာနိုင်ငံ၏ လုံခြုံရေး အခြေအနေနှင့် အိမ်နီးချင်းနိုင်ငံများသို့ အကူအညီများ ပေးအပ်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း အစိုးရ အိမ်တော် သတင်းရင်းမြစ်က ဆိုသည်။
တွေ့ဆုံ ဆွေးနွေးမှုများသည် စီးပွားရေး လုံခြုံရေး၊ ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များနှင့် လာမည့်နှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ဖိုရမ်တွင် ထိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ထိုင်းနိုင်ငံကို ပံ့ပိုးကူညီရေးဆိုင်ရာ အမေရိကန်၏ ကတိကဝတ်များနှင့်လည်း သက်ဆိုင်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
CIA လက်ထောက်ညွှန်ကြားရေးမှူးသည် ထိုင်းနိုင်ငံမှ ထွက်ခွာပြီးနောက် အာဆီယံ နိုင်ငံ ၂ ခုသို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး Supoj Malaniyom က အမေရိကန် CIA နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ အစိုးရအိမ်တော်တွင် တွေ့ဆုံခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှု၏ အဓိကအချက်မှာ ထိုင်းနှင့် အခြားအာဆီယံအဖွဲ့ဝင်များအကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို အားကောင်းစေရေးအတွက်ဟု သာပြောဆိုသည်။
အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး Supot Malaniyom သည် CIA လက်ထောက်ညွှန်ကြားရေးမှူး David S. Cohen နှင့် နှစ်နိုင်ငံနှင့် ဒေသတွင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေခံစားနိုင်သော အခြားအကြောင်းအရာအချို့ကို ပရာယွတ်နှင့် အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း အတည်ပြုခဲ့သည်။
သတင်းအချက်အလက်မျှဝေခြင်းနှင့် အမေရိကန်အေဂျင်စီနှင့် ထိုင်းအစိုးရကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် စီအိုင်အေ အမှုဆောင်တစ်ဦးသည် ထိုင်းနိုင်ငံသို့ တစ်နှစ်လျှင် တစ်ကြိမ် လာရောက်ခြင်းသည် ပုံမှန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဓာတ်ပုံ- ယမန်နေ့ ထိုင်းအစိုးရအိမ်တော်သို့ ရောက်ရှိလာသော CIA အမှုဆောင်။
Photo Credit - ဘန်ကောက်ပို့စ်
Post a Comment