သူတို့ မသိသေးတဲ့ စစ်သားဘဝ

စစ်စိမ်းရောင်ကားတွေပေါ်က အစိမ်းရောင် စစ်သည်တွေရဲ့အကြည့်ကို စကက်တိုမလေးတွေ၊ နှုတ်ခမ်းနီမလေးတွေက နှာခေါင်းရှုံ့ကြတယ် စိမ်းရွှေရွှေပုပ်အဲ့အဲ့နံတယ်တဲ့.....

ယာဉ်တန်းလေးခန ရပ်စဉ် လမ်းဘေးက လက်ဖက်ရည်ဆိုင်လေးထဲ ဆေးလိပ်မီးလေး တစ်တို့လောက် တောင်းညှိတော့ ရွယ်တူလူငယ်တစ်စုက ဘုကြည့်ကြည့်တယ်။
နှုတ်ခမ်းထောင့်စွန်းက တစ်ချက်မဲ့သွားပြီး မကြားတကြားလေးပြောလိုက်သေးတယ်။
"အဲ့ဒါစစ်ခွေးတွေကွ" နောက်တစ်ယောက်ကထပ်ပြောတယ် "မဟုတ်ပါဘူးကွာ အဲ့ဒါ မြေသြဇာတွေပါ"တဲ့.....
သူငယ်ချင်းတို့ပြောတဲ့ စစ်ခွေးလေး မချိပြုံးလေးပြုံးပြီး လဖက်ရည်ဆိုင်လေးက ထွက်လာခဲ့တယ်။

ဆာလောင်နေတဲ့ ၀မ်းကိုဖြည့်ဖို့ ဟန်းကောချိုင့်လေးကိုဖွင့် လိုက်တော့ ကျောင်းကြိုပြန်လာတဲ့ သားမိနှစ်ယောက်က လက်ညှိုးထိုးပြီးပြောတာကြားမိလိုက်တယ် သဲ့သဲ့လေးပါ။ "သား မင်းပညာမတတ်ရင် အဲ့လိုစစ်သားကြီးဖြစ်လိမ့်မယ်"။နားမလည်တဲ့သားငယ်လေးကပြန်မေးတယ်"မေမေ စစ်သားဆိုတာဘာလဲ"
"ပညာမတတ် သူများခိုင်းတာလုပ်ရတဲ့ အရိုင်းအစိုင်း လူသက်ကောင်ပေါ့ သားရယ်"တဲ့။
အန်တီပြောတဲ့ ပညာမဲ့အရိုင်းအစိုင်းလေးတစ်ယောက် ဟန်းကောချိုင့်လေးအသာပြန်ပိတ်ပြီး အစိမ်းရောင်ညီအစ်ကိုတွေဆီ အကြည့်လေးတစ်ချက်ရောက်သွားမိတယ်။
စိတ်ထဲတော့မကောင်းဘူးပေါ့ အန်တီရယ်..

အစိမ်းရောင်ခြံစည်းရိုးတိုင်လေးတွေ ရောက်ပါပြီ။ အမဲလိုက်မယ့်တောကြီး မြက်မဲထဲကိုပေါ့။ တောကျွမ်းတဲ့သားရဲတွေရယ် အမဲလိုက်တော်တဲ့ မုဆိုးတွေရယ် သာသူစားစတမ်း ပွဲတွေကြမ်းခဲ့ရတယ်....
လောင်းကြေးကတော့ အသက်နဲ့ ဘဝတွေပေါ့......

နှလုံးသားတစ်ချို့ အသက်နဲ့ဘ၀ကို လေလံတင်ပြီး ရွှေဝါရောင်အမိမြေအတွက် အနီရောင်သွေးညှီတွေလွှမ်းပေးလိုက်ရတယ်။ ဪ လူတွေပြောနေတဲ့ စစ်ခွေးလေးတွေ၊ ပညာမဲ့အရိုင်းအစိုင်း လေးတွေ အိမ်၀န်းလုံခြုံရေးအတွက် ခြံစည်းရိုးတိုင်တွေ အဖြစ်နဲ့ စိုက်ထူထားပေးလိုက်ရပြီလေ...

ကာလတစ်ခုကိုကျော်ဖြတ်ပြီး ပြန်လာပါပြီ။
အဲဒီမြို့လေးကိုရောက်တော့ စကတ်တိုမလေးတွေအကြည့်က ညှိူးဆဲ...
လူငယ်တွေရဲ့အကြည့်တွေစောင်းဆဲ.....
ဟိုအန်တီရဲ့သားလေးကော ကျောင်းမှာစာကြိုးစားနေပြီလားး.....

မြို့လေးကို လက်ပြနှုတ်ဆက်တော့ တာ့တာပြန်ပြမယ့်လူကမရှိဘူး.....
ဪ....စစ်ကားကြီးပေါ်က အညတရ တစ်ချို့. ဒီမြို့လေးနားက ဖြတ်ပြန်လာခွင့်မရတော့ပဲ ထာ၀ရလဲလျောင်းပြီးကျန်နေခဲ့ရတာကို သူတို့သိလိုက်မှာ မဟုတ်ကြပါဘူးလေ.......

                         လရိပ် စစ်မောင်

မူရင်းရေးသားသူအား credit ပေးပါသည်...

Post a Comment

Previous Post Next Post