အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်ကော်မတီကို အဖွဲ့ဝင် ၇ဦးဖြင့် ဖွဲ့စည်း
ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရံဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ခင်ဆောင်၊ ၂၀၂၁ ခုနှစ် ဇန္နဝါရီလ (၃၀) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော (Steering Committee) မှ ဦးထွန်းမြင့်၊ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့ဖြင့်ဗဟိုအလုပ်ကော်မတီ (Central Working Committee) ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၅ရက်ညက ကြေညာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ အားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေးကျင်းပခြင်း မပြုနိုင်မီကာလအတွင်းတွင် အဖွဲ့ချုပ်၏ အခြေခံမူဝါဒများ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်၊ ပါတီတွင်းလုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်း၊ ပြည်ပ၊ ပါတီချင်းဆက်ဆံရေးများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှင်းပြထားသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရေးရာကော်မတီများ၊ ပြည်နယ်နှင့်တိုင်းတာဝန်ခံများ အစည်းအဝေးသို့တက်ရောက်လာကြသူအားလုံး၏ သဘောတူညီချက်အရ ဗဟိုအလုပ်ကော်မတီ (Central Working Committee) ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းနှင့် ဗဟိုအလုပ်ကော်မတီကို လက်ရှိတာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေရှိသော ပုဂ္ဂိုလ်တို့ဖြင့် ဖွဲ့စည်းလိုက်သည့်အကြောင်းလည်း ကြေညာချက်က ဖော်ပြသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)၊ ဒု-ဥက္ကဌ (၁) ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ) တို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(၁၄)ဦးတို့သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်အပြင် ပါတီ၏အဆင့်ဆင့်သော အလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီ ဝင်များ၊ ပါတီထောက်ခံသူများလည်း ဖမ်းဝရမ်းထုတ်ခြင်း၊ လိုက်လံဖမ်းဆီးမှုများခံနေရ၍ ပါတီဝင်အများစုသည် မိမိတို့နေရပ်ကို စွန့်ခွာတိမ်းရှောင်နေကြရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ကာပြောဆိုထားသည်။
Post a Comment