ဆင်ဖြူတော်လျောက်ထုံး

ဒေါ်လာဘီလီယံ တစ်ထောင်ရရင် 
တော်လှန်ရေး အောင်ပြီလို့ ဆိုတဲ့
စိတ္တဇ ဆရာဝန်ကြီးရဲ့ စကားကို
ကြားလိုက်ရတော့...
ဆင်မဲကြီးကို မြင်နေပါလျက်နဲ့
ဘုန်းတော်ကြောင့် ဆင်ဖြူတော်
ပေါ်ထွန်းလာပါပြီ ဘုရား လို့
လျှောက်တင်တာ ကြားချင်လှတဲ့
ဘိုးတော်မင်းတရားကြီးကို
ဤ ဆင်တော်ကြီးဟာ
နောင် အနှစ်၆၀ ကြာတဲ့အခါမှာ
ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့
ဆင်ဖြူတော်ကြီး 
ဖြစ်သွားပါလိမ့်မယ်ဘုရား လို့
လျှောက်တင်ခဲ့တဲ့ အမတ်ကြီး
ဦးပေါ်ဦးရဲ့ ဆင်ဖြူတော်လျှောက်ထုံးကို
သတိရမိတယ်။

နောင် အနှစ်၆၀ ကြာတဲ့အခါမှာ
ဘုရင်ကြီးရော အမတ်ကြီးတွေရော
ပြည်သူတွေရော ဆင်တော်ကြီးပါ
သက်ရှိထင်ရှား ရှိနေဖို့ မဖြစ်နိုင်ဘူး။

ဒါကြောင့် ဆင်ဖြူတော်ကြီး ဖြစ်မဖြစ်
ဘာပြဿနာမှ မဖြစ်နိုင်တော့ဘူး။
လတ်တလော ဘုရင်ကြီး စိတ်ချမ်းသာဖို့
နံပါတ်တစ် အရေးအကြီးဆုံး ဖြစ်တယ်။

ဒီလိုပါဘဲ။
တော်လှန်ရေး အောင်မြင်ခြင်း 
မအောင်မြင်ခြင်းက
အရေးမကြီးဘူး။ 
မျှော်လင့်ချက် ကြီးစွာ ရင်ဝယ်ပိုက်ထားတဲ့
ပြည်သူတွေ စိတ်ချမ်းသာဖို့ နံပါတ်တစ်
အရေးအကြီးဆုံး ဖြစ်တယ်။

ပြည်သူတွေ စိတ်ချမ်းသာအောင်
မျှော်လင့်ချက်တွေ ရှင်သန်အောင်
မြှောက်ပင့်ပေးမှ အလှူငွေတွေ
များများရမှာ မဟုတ်လား။

ဒေါ်လာဘီလီယံ တစ်ထောင်ရတဲ့အချိန်
သူရော ကိုယ်ပါ သက်ရှိထင်ရှား ရှိနေဖို့
မသေချာဘူး။ ဒါကြောင့် ဖြစ်နိုင်ခြေ မရှိတဲ့
ကိစ္စကြီးကို မရေရာ မသေချာတဲ့
Uncertainty စကားလုံး သုံးပြီး
လက်လွတ်စပယ် ပြောချလိုက်တယ်။

ဘီလီယံဒေါ်လာ တစ်ထောင်ပြည့်အောင်
မရှိ ရှိတဲ့အထဲက မစားရက် မသောက်ရက်
စုဆောင်းထားတာလေးတွေ လှူကြဦးပေါ့။

မဲမဲတူးတူး ဆင်မည်းတော်ကြီးတောင်
ဆင်ဖြူတော်ကြီး အဖြစ် နောက်အနှစ်၆၀မှာ
ပေါ်ထွက်လာမယ် ဆိုတာ ယုံကြသေးတာပဲ။

တော်လှန်ရေးကြီးကလည်း
နက်ဖြန် သို့မဟုတ် ဘယ်သောခါဝယ်
အောင်မြင်မှု ရလိမ့်မယ်လို့
မျှော်နိုင်သမျှတော့ ဆက်ပြီး မျှော်ကြလေဦးပေါ့။

လူဆိုတာက
မျှော်လင့်ချက်နဲ့
အသက်ရှင်ကြရတဲ့
သတ္တဝါတွေပဲ မဟုတ်လားဗျာ။

🙂🙂🙂

Post a Comment

Previous Post Next Post