လက်ယဉ်လာကြပြီ
---
ဒုတိယကမ္ဘာစစ်ကာလ..
အာဖရိကသဲကန္တာရထဲမှာ ဂျာမန်ဗိုလ်ချုပ်ကြီးရွန်းမဲလ်ရဲ့တင့်ကားတပ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အင်္ဂလိပ်အမေရိကန်မဟာမိတ်တပ်ဖွဲ့တွေအကြောင်း ဖြစ်ရပ်မှန်အခြေခံရုပ်ရှင်ကားတခုရဲ့ဇာတ်ဝင်ခန်း..
တင့်ကားတွေ တဖက်နဲ့တဖက်အဝေးကနေပစ်ခတ်..
နောက်ဆုံးမှာ အနီးကပ်ရင်ဆိုင်တိုက်ပွဲဖြစ်..
သေနတ်တွေနဲ့ပစ် လှံစွပ်နဲ့ထိုး ဒါးတွေနဲ့ခုတ်ပေါ့..
---
ရန်သူဂျာမန်၂ ယောက်ကိုအနီးကပ်သေနတ်နဲ့ပစ် ဒါးနဲ့ထိုးသတ်လိုက်ရလို့ တိုက်ပွဲအပြီး တုန်တုန်ရင်ရင်ဖြစ်နေတဲ့ အမေရိကန်စစ်သားလေးကို တပ်ကြပ်ကြီးကမေးတယ်..
Is it your first kill?
"ဒါ မင်းပထမဆုံးသတ်ဘူးတာလား"
"ဟုတ်.."
"အေး.. နောက်တော့အသားကျသွားပါလိမ့်မယ်ကွာ .. ရော့..ရေလေးနဲနဲသောက်လိုက်"..
---
အခုနောက်ပိုင်းတွေမှာတော့..
စစ်မြေပြင်ထွက်တဲ့ စစ်သားတွေ လက်နက်ကိုင်သူပုန်တွေဟာ ရုပ်ရှင်တွေထဲမှာလို တယောက်နဲ့တယောက်သစ်ပင်ခြုံပုတ်အကွယ်မှာအပြန်အလှန်တွေပစ်ကြ အနီးကပ်လုံးထွေးကြဆိုတဲ့ အနိဌါရုံအတွေ့အကြုံတွေသိပ်မရှိတော့ပါဘူး..
ရှေ့တန်းစစ်မြေမှာ ရန်သူကိုတိတိကျကျချိန်ရွယ်ပစ်ပြီး ငါတော့ဘယ်နှစ်ယောက်သတ်နိုင်ခဲ့တယ် ဘယ်နှစ်လောင်းရခဲ့တယ်လို့ ကြွားနိုင်သူ ပြောနိုင်သူအတော်ရှားပါတယ်.. ကြွားချင်ပြောချင်သူလဲသိပ်မရှိကြပါဘူး..
စခန်းသိမ်းတိုက်ပွဲကြီးတွေမှာဆို အဝေးကလက်နက်ကြီးတွေနဲ့အယင်ပစ် .. နောက်မှ လက်နက်ငယ်တွေနဲ့ဒလဟောပစ်ပြီး ဝင်လုံးရတာဆိုတော့ "သေသူနဲ့ကိုယ်နဲ့အကြား တိကျတဲ့ဆက်စပ်မှု" သိပ်မရှိကြတော့ဘူး..
ဒီလိုအတိအကျ မဆက်စပ်တာတောင်မှဘဲ တိုက်ပွဲမှာအပြန်အလှန်ရမ်းသန်းပစ်ခတ်တာတွေလုပ်ခဲ့အပြီး ၂ဘက်အကျအဆုံးနဲ့အနိဌါရုံတွေမြင်ခဲ့ရတဲ့အပေါ် ကိုယ့်ရဲ့လုပ်ရပ်/ကိုယ့်ရဲ့အပြစ်အဖြစ် စိတ်သန္တာန်မှာထင်ကျန်ပြီး အိမ်မက်ဆိုးမက်ရသူတွေရှိတယ် ..
"Post Traumatic Stress Disorder (PTSD)" ဆိုတဲ့စစ်ပြန်တွေခံစားရတဲ့စိတ်ဝေဒနာတွေထဲမှာ အဲဒါပါတယ်..
---
ဆိုလိုချင်တာကတော့ စစ်ဗိုလ်စစ်သားဘဲဖြစ်ဖြစ် သူပုန်တွေထဲမှာဘဲဖြစ်ဖြစ် ရန်သူကိုတိတိကျကျရည်ရွယ်ပစ်သတ်ဘူးသူ (တနည်းအားဖြင့်ပြောရယင်) "လူသတ်ခြင်းဆိုတဲ့အမှု"ကိုသွေးအေးအေးနဲ့ကျုးလွန်ခဲ့ဘူးသူ/ကျုးလွန်ချင်သူ အလွန်ရှားပါးတယ်လို့ပြောချင်တာ..
---
အခုတော့..
စစ်မြေမဟုတ်တဲ့ မြို့ပြကျေးရွာတွေမှာ
တဖက်ကလဲ လက်နက်မဲ့ပြည်သူတွေကိုပစ်ခတ်တယ်..
တဖက်ကလဲ တဇွပ်ဇွပ် တဖေါင်းဖေါင်းတွေလုပ်လာတယ်..
ကျနော်တို့လူဘောင်ဟာ လူသတ်မှုတွေနဲ့ အသားကျ ယဉ်ပါးလာနေကြပြီလား..
ခိုင်းသူတွေက"နှုတ်ယဉ်"သလို လုပ်သူတွေကလဲ"လက်ယဉ်"လာနေကြပြီလား..
သတ်တယ်ဖြတ်တယ်ဆိုတာတွေဟာနိစ္စဓူဝ..
အဆန်းတကြယ်မဟုတ်တော့ပြီလား..
"အသက်ရှင်သန်ရပ်တည်မှု"ဆိုတဲ့ မူလပထမ လူသားတို့ရဲ့အခွင့်အရေးဥပဒေသကြီးကျိုးပေါက်နေပြီပေါ့ ..
"တနေ့မှာ ဒါတွေကိုဘယ်သူတွေကတာဝန်ခံကြမှာလဲ"..
---
လက်ခုပ်လက်ဝါးတီးနေကြသူတွေအများကြီး..
လူသတ် လူသေတာတွေကိုဝမ်းသာစရာအဖြစ်မြင်နေကြတယ်..
---
သတင်းတွေမှာ..
ဘဂ္ဂဒက် ထရစ်ပိုလီ ဒမတ်စကပ် မြို့ကြီးတွေမီးလောင်ပြာကျတဲ့အကြောင်းမြင်ရလို့ ကျနော်မပျော်ခဲ့ဖူးဘူး..
WTO အဆောက်အဦကြီးကိုလေယာဉ်နဲ့တိုက် ဘာလီမှာဗုံးကွဲ အီဂျစ်မှာတိုးရစ်တွေကိုသေနတ်နဲ့ပစ် လန်ဒန်မှာလူတွေကိုကားနဲ့တိုက် ဂျာမဏီမှာဒါးနဲ့ထိုး ..
ဒါတွေကြားရလို့ကျနော်ဟေးဟေးဝါးဝါးထမအော်ခဲ့ဘူး..
---
extrajudical killings လို့ခေါ်တဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေ..
Lynching လို့ခေါ်တဲ့ ဒေါသ/ခံစားမှုလွန်ကဲပြီးစီရင်သတ်ဖြတ်မှုတွေ..
လူနေရပ်ကွက်ထဲဗုံးထောင်ဗုံးခွဲမှုတွေ..
သူရဲဘောကြောင်တဲ့လုပ်ကြံသတ်ဖြတ်မှုတွေ ဆိုယင်..
သတင်းသမားတယောက်အနေနဲ့ စုံစမ်းသတင်းရေးရတာတောင် အလွန်စိတ်မချမ်းမသာနဲ့ မသဒီဖြစ်ရတယ်..
မြိန်ရေလျှက်ရည်သဘောပြောနေတဲ့အပေါင်းအဖေါ်သတင်းလောကသားတချို့ကိုလဲအံ့သြမိတယ်..
---
"ဓမ္မ အဓမ္မ"နဲ့ "တရားသောစစ်"ဆိုတဲ့အကြောင်းတတ်သလောက်မှတ်သလောက်နဲ့တော့လာမငြင်းပါနဲ့ခင်ဗျာ..
ခရူးဆိတ်/ဂျီဟတ်/Infidel (ကိုယ့်တရားတော်အပေါ်မသက်ဝင်သူ) ဆိုတဲ့အကြောင်းတွေ လဲကျနော်ဖတ်ခဲ့မှတ်ခဲ့ဘူးပါတယ်..
ဘာဘီလုံခေတ်က "ဟာမူရာဘီကိုဓ"ဥပဒေ The Code of Hummurabi အကြောင်းလဲကျနော်သိပါတယ်..
---
ကိုယ်ဘယ်ကိုဦးတည်နေတယ်ဆိုတာမသေချာရင်..
ခဏရပ်ပြီး ဘေးဘီကိုအကဲခတ်..
"မြေပုံညွှန်းနဲ့ လားရာ ပြန်တိုက်ကြည့်ကြဘို့" လိုတယ်..
သန်းလွင်ထွန်း
၃ နိုဝင်ဘာ ၂၀၂၁
Post a Comment